တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်ရှိ စက်ရုံတစ်ခုတွင် ရာနှင့်ချီသော မြန်မာလုပ်သားများ ထိန်းသိမ်းခံရကြောင်း  ထုတ်ဖေါ်ပြောကြားသူကို ရဲကလိုက်ရှာနေ

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်ရှိ စက်ရုံတစ်ခုတွင် ရာနှင့်ချီသော မြန်မာလုပ်သားများ ထိန်းသိမ်းခံရကြောင်း  ထုတ်ဖေါ်ပြောကြားသူကို ရဲကလိုက်ရှာနေ

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ်၊ ဝေ့ဟိုင်ခရိုင်၊ ဝမ်တင်းမြို့ရှိ စက်ရုံတစ်ခုတွင် ရာနှင့်ချီသော အလုပ်သမားများကို ထိန်းသိမ်းပြီး အလုပ်စေခိုင်းနေကြောင်း ထုတ်ဖေါ်ပြောကြားသူကို ရဲကလိုက်လံစုံစမ်း၍ ဖမ်းဆီးရန်ကြိုးစားနေသည်ဟု သိရသည်။

SHANDONG TAI’AI CATERING MANAGEMENT Company Ltd ဟု ဆိုင်းဘုတ်ရေးထားသည့် ခြံဝန်းအတွင်းမှ မြန်မာလုပ်သားများအခေါ် နန်းရှီးစက်ရုံတွင် မြန်မာလုပ်သားများမှာ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၈) ရက်နေ့အထိ အထိန်းသိမ်းခံထားကြရဆဲဖြစ်သည်။

အဲဒီစက်ရုံမှာ သူတို့က ရဲဖမ်းတာအတုလုပ်ပြီး အလုပ်သမားတွေကို ခိုင်းနေတာကို သံရုံးကို ပြောပြပြီးချိန်မှာ သံရုံးကဆက်သွယ်လို့ အဲဒီစက်ရုံဘက်ကို ရဲတွေနဲ့သွားဝိုင်းပြီး တကယ်ဖမ်းတယ်လို့ ပြန်ကြားရတယ်။ တကယ်ရဲတွေ (၆၀) လောက်နဲ့ စက်ရုံကို သွားဝိုင်းပြီးဖမ်းတယ်ဆိုတာ ကျွန်တော်က နောက်မှ ပြန်သိရတာ။ အရင်ကျွန်တော်သိတာက သူတို့က စက်ရုံကိုရဲလာဖမ်းမယ်ဆိုပြီး အဲဒီစက်ရုံရှေ့နားမှာရှိတဲ့ အဆောက်အဦမှာ မြန်မာတွေကို နှစ်ရက်၊ သုံးရက် ပုန်းခိုင်းတယ်။ ပြီးတော့ ရဲဝတ်စုံနဲ့တစ်ယောက်ပါတဲ့အုပ်စုနဲ့ ရဲဖမ်းတယ်ဆိုတာလုပ်ပြီး စက်ရုံကိုပို့ပြီး အလုပ်ပြန်ခိုင်းတယ်။ အဲဒါကို သံရုံးကို အကူအညီတောင်းလိုက်တော့ သံရုံးကသိသွားပြီး တကယ်ဖမ်းခံရတာဖြစ်သွားတာ။ အဲဒါ စက်ရုံမှာဘာဖြစ်နေတယ်ဆိုတာ သိသွားလို့ ဘယ်သူပြောလဲဆိုပြီး ကုမ္ပဏီက လိုက်စုံစမ်းနေတယ်။ ရဲတွေကလည်း ဖမ်းဖို့ကြိုးစားနေတယ်

ဟု လက်ရှိ မြန်မာလုပ်သားများအား ထိန်းသိမ်းထားသည့် စက်ရုံမှ လွတ်မြောက်လာသည့် မြန်မာလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကိုးရီးယား (၂)နိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် နယ်စပ်ဖြစ်သည့် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ဝမ်တိန်မှ SHANDONG TAI’AI CATERING MANAGEMENT Company Ltd ဟု ဆိုင်းဘုတ်ရေးထားသည့် ခြံဝန်းအတွင်းရှိ ဂျပန်သို့တင်ပို့နေသည့် ပင်လယ်စာအသင့်စားထုတ်လုပ်သည့် စက်ရုံ၌ ရာနှင့်ချီသော မြန်မာလုပ်သားများ ထိန်းသိမ်းခံနေကြရသည်ကို ဘေဂျင်းအခြေစိုက် မြန်မာသံရုံးက သိရှိထားသည်ဟု အတည်ပြုထားသည်။

မြန်မာသံရုံးက  စက်ရုံတွင်း ထိန်းသိမ်းခံထားရသည့် မြန်မာလုပ်သားများကို မိသားစုဝင်များဖြင့် ဖုန်းအဆက်အသွယ်လုပ်နိုင်ရန် ဆက်သွယ်ပေးသော်လည်း မိသားစုဝင်များမှာ အမှန်တကယ် ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိကြောင်း သိရသည်။

သံရုံးက ကျွန်တော့်မိသားစုနဲ့ ဆက်သွယ်လို့ရမယ်လို့တော့ ပြောလာတယ်။ နောက်တော့ အဲဒီစက်ရုံဘက်က ပြောမရဘူးလို့ ပြောလာတယ်။

ဟု စက်ရုံတွင်း ထိန်းသိမ်းခံထားရသူ၏ မိသားစုဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆန်းတုန်းပြည်နယ်မှာ မြန်မာနယ်စပ်နှင့် အလှမ်းဝေးသည့်နေရာတွင်ရှိနေရာ COVID 19 ကာလ အကန့်အသတ်များကြောင့် အဆိုပါပြည်နယ်တွင်းရောက် တရားမဝင် မြန်မာလုပ်သားများမှာ နယ်စပ်ဘက်သို့ ပြန်လာရန်အခက်အခဲဖြစ်နေပြီး မိမိတို့အခြေအနေကို ထုတ်ဖေါ်ပြောကြား အကူအညီတောင်းပါကလည်း မလုံခြုံသည့်အခြေအနေနှင့် ကြုံတွေ့နေကြရကြောင်း သိရသည်။

ဆက်စပ်သတင်းများ