တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်တွင် အခက်အခဲဖြစ်နေ၍ မြန်မာသံရုံးကို အကူအညီတောင်းသည့် မြန်မာလုပ်သား လက်ထိပ်ခတ်၍ ညှင်းပန်းနှိပ်စက်ခံရ

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်တွင် အခက်အခဲဖြစ်နေ၍ မြန်မာသံရုံးကို အကူအညီတောင်းသည့် မြန်မာလုပ်သား လက်ထိပ်ခတ်၍ ညှင်းပန်းနှိပ်စက်ခံရ
By Tachileik News Agency

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ်တွင် ရဲအဖမ်းခံရပြီး နန်းရှီးစက်ရုံသို့ ပို့ခံထားရသည့် မြန်မာလုပ်သား (၁၀၀) ကျော်အား ကယ်တင်ပေးရန် မြန်မာသံရုံးထံ ဆက်သွယ်အကူအညီတောင်းသည့် မြန်မာလုပ်သားကို ရဲက စက်ရုံစားသောက်ခန်း၌ လက်ထိပ်ခတ်ထားကြောင်း သိရသည်။

ကျွန်တော့်အစ်ကိုက သံရုံးကို ဆက်သွယ်စကားပြောပြီး wechat ကနေ မှတ်ပုံတင်တွေ၊ ဓါတ်ပုံတွေ၊ လိပ်စာတွေ တောင်းပြီးတော့ သူတို့က အဲဒီအချက်အလက်တွေ အကုန်လုံး ပို့ပေးလိုက်တယ်။ ပို့ပေးလိုက်တော့ သံရုံးက အဲဒီအချက်အလက်တွေကို ဆန်းတုန်းထဲက သူတို့နေတာက ဝမ်တိန်းမြို့နယ်ဆိုတော့ ဝမ်းတိန်းမြို့နယ်အပိုင်ရဲကို အကြောင်းကြားစာပို့ပေးလိုက်တယ်။ ကျွန်တော့်အစ်ကိုတို့ ပို့ထားတဲ့အချက်အလက်တွေကို ရဲတွေနား ပြန်ပို့လိုက်တော့ ရဲတွေက ကုမ္ပဏီက သူဌေးနဲ့ပေါင်းထားတဲ့သူတွေဆိုတော့ ကျွန်တော့်အစ်ကိုကို ရဲတွေက အချက်အလက်တွေ ပြန်ပြပြီး (၄) ရက်လောက် ဖမ်းချုပ်ထားတယ်။ ထမင်းစားဆောင်မှာ  လက်ထိပ်ခတ်ပြီးမှ ဘယ်သူနဲ့မှ ပေးမတွေ့ဘဲ ထားတယ်လို့ပြောတယ်။ သူ့ကိုရော သူ့ကို ဖုန်းပေးငှားတဲ့ ဖုန်းပိုင်ရှင်ကိုရော (၄) ရက်လောက် ထမင်းစားဆောင်မှာ ဘယ်သူနဲ့မှ ပေးမတွေ့ဘဲ ဖမ်းချုပ်ထားတယ်ပြောတယ်။ အခုတော့ အဆက်အသွယ်ပြတ်နေပြီ

ဟု အဆိုပါစက်ရုံတွင် ပိတ်မိနေသည့် မြန်မာလုပ်သားတစ်ဦး၏ မိသားစုဝင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၀) ရက်နေ့က ဆက်သွယ်ပြောကြားလာသည်။

ကိုးရီးယား (၂)နိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် နယ်စပ်ဖြစ်သည့် ဆန်းတုန်းပြည်နယ်တွင်း တရားမဝင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ရာဂဏန်းကို ရဲကဖမ်းဆီးပြီး နန်းရှီးစက်ရုံသို့ လွန်ခဲ့သည့် (၃) လကျော်ကတည်းက ပို့ဆောင်ကာ လုပ်အားခမပေးဘဲ အလုပ်စေခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ဒီမှာ ဒုက္ခ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အများကြီး ပါဗျ။ မြန်မာနိုင်ငံရေးကို ခုတုံး လုပ်ပြီး စီးပွားရေးလုပ်နေတဲ့ တရုတ်ရဲတွေနဲ့ တရုတ်သူဌေးတွေဆီကနေ လွတ်အောင် ကျွန်တော်တို့ မြန်မာလုပ်သားတွေကို ကူညီပေးဖို့ အကူအညီတောင်းချင်ပါတယ်ဗျ

ဟု အဆိုပါစက်ရုံသို့ ဖမ်းဆီးပို့ဆောင်ခံရသူများမှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

စက်ရုံမှထွက်ပြေးလွတ်မြောက်လာသူက စက်ရုံတွင်ကျန်ခဲ့သည့် မြန်မာလုပ်သားများအား ဘေကျင်းရှိ မြန်မာသံရုံးမှ အကူအညီရရန် လွန်ခဲ့သည့် (၁) လက ဆက်သွယ်ပေးခဲ့ရာ မြန်မာသံရုံးသို့ အလုပ်သမားများ၏ အချက်အလက်များနှင့် တည်နေရာကို ဆက်သွယ်ပေးပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် သံရုံးက ၎င်းတို့ရရှိထားသည့်အချက်အလက်များအား တရုတ်ရဲကို ပြန်ပေးလိုက်ရာ သံရုံးကိုဆက်သွယ်သည့် မြန်မာလုပ်သားများ ညှင်းပန်းနှိပ်စက်ခံရသည့်အပြင် စက်ရုံရှိ တရုတ်လုပ်သားများအနေဖြင့် မြန်မာလုပ်သားများနှင့် အဆက်အသွယ်မပြုလုပ်ရန်၊ စကားမပြောရန် တင်းကြပ်စွာ တားမြစ်လိုက်ကြောင်း သိရသည်။

မြန်မာသံရုံးမှ ပြန်ပို့လိုက်သည့် အချက်အလက်များကို ဆန်းတုန်းပြည်နယ်မှ ရဲများထံ ပြန်ရောက်သွား၍ ညှင်းပန်းနှိပ်စက်ခံနေရကြောင်း နန်းရှီးစက်ရုံမှ မြန်မာလုပ်သားတစ်ဦးက ဩဂုတ်လ ဒုတိယပတ်ကုန်ခါနီးတွင် စက်ရုံမှလွတ်မြောက်သွားသူထံ နောက်ဆုံးဆက်သွယ်ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားကြောင်း သိရသည်။

သူတို့မှာ ဖွက်ထားတဲ့ဖုန်းတစ်လုံးပဲရှိတာ။ အသိမ်းခံလိုက်ရတယ်ထင်တယ်။ အဲဒီဖုန်းမှာ သံရုံးကို ဆက်သွယ်ထားတာတွေရှိတယ်

ဟု လွတ်မြောက်လာသည့် မြန်မာလုပ်သားက ပြောသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားများသည် မိုးကုတ်မြို့မှ အလုပ်ခေါ်ပေးသည့်ပွဲစား အချိတ်အဆက်ဖြင့် ချင်းရွှေဟော်မှတစ်ဆင့်ဝင်လာကာ ဆန်းတုန်းဘက်သို့ ရောက်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

 

ဆက်စပ်သတင်းများ