တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်ရှိ ပင်လယ်စာစက်ရုံတွင် မြန်မာလုပ်သား (၁၀၀)ကျော်ကို ညှင်းပန်းနှိပ်စက်ပြီး အလုပ် လုပ်ခိုင်းနေ

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်ရှိ ပင်လယ်စာစက်ရုံတွင် မြန်မာလုပ်သား (၁၀၀)ကျော်ကို ညှင်းပန်းနှိပ်စက်ပြီး အလုပ် လုပ်ခိုင်းနေ

တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ်အတွင်း မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား (၁၀၀) ကျော်ကို ရဲကဖမ်းပြီး ပင်လယ်စာစက်ရုံ တစ်ခုတွင် လုပ်အားခမရဘဲ ညှင်းပန်းနှိပ်စက်၍ အလုပ် လုပ်ခိုင်းထားကြောင်း သိရသည်။

ကျွန်တော်တို့ လက်ရှိ တရုတ်ပြည်ကြီးထဲမှာ တရားမဝင် အလုပ် လုပ်နေတာပါ။ လက်ရှိ မြန်မာနိင်ငံ သား အယောက် (၁၀၀) ကျော်ကို တရုတ်ပြည်ကြီးထဲမှာရှိတဲ့ ရဲတွေနဲ့ တရုတ်သူဌေးတွေ ပေါင်းပြီး ရဲ ဖမ်းတဲ့ ပုံစံလုပ်ပြီး ပိုက်ဆံမရှင်းပေးဘဲ အလုပ် လုပ်ခိုင်းနေတာပါ။ ကျွန်တော်ကတော့ အဲဒီကနေ ထွက်ပြေးလာနိုင်တာပါ။ ဒါပေမဲ့လည်း အခုထိ ရဲတွေက လိုက်ရှာနေတုန်းပါပဲ။ ကုမ္ပဏီက သူဌေးတွေက ရဲပိုင်တော့ တရုတ်ပြည် ဆန်းတုန်းဘက်က မြန်မာတွေကို လှည့်ပတ်ဖမ်းပြီးမှ ပိုက်ဆံမပေးဘဲ အလုပ်ခိုင်းထားတာ (၃) လကျော်ပြီ။ အဲဒီကုမ္ပဏီက ရေထွက်ပစ္စည်းတွေ ဂျပန်ကိုပို့တဲ့ ကုမ္ပဏီပါ။

ဟု အဆိုပါစက်ရုံမှ ထွက်ပြေးလွတ်မြောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၈) ရက်နေ့တွင် ဆက်သွယ်ပြောကြားသည်။

 

လက်ရှိ နန်းရှီးပင်လယ်စာစက်ရုံတွင် အလုပ် လုပ်နေရသည့် ရာနှင့်ချီသော မြန်မာလုပ်သားများသည် ဆန်းတုန်းပြည်နယ်ဘက်တွင် တရားမဝင်ရောက်လာကာ အလုပ် လုပ်ရန်ကြိုးစားစဉ် ရဲကဖမ်းဆီးပြီး ပို့ဆောင်ခံရသူများဖြစ်ကြောင်း သိရသည်။ 

အဲဒီစက်ရုံမှာ တစ်ချို့ဆို နေမကောင်းကြဘူး။ အစာအိမ် ရောဂါဖြစ်ပြီး ပိန်ညှောင်ပြီး မနားရဘူး။ အဲဒီလိုလူတွေလည်း နည်းနည်းလုပ်လို့ရတဲ့သူလည်း နည်းနည်းလုပ် အဲလိုပဲ အတင်းအကျပ်အလုပ်ခိုင်းတယ်။ အလုပ်ကတော့ ယောကျ်ားလေးတွေက ငါးခွဲရတယ်။ မိန်းကလေးတွေကတော့ ရေခဲခန်းတွေမှာ ရေဘဝဲတို့ ပြည်ကြီးငါးတို့ ကိုင်ရတယ်။ ပါကင်ထုပ်ရတယ်။ အဲဒီမှာ မန်နေဂျာပေါ့ အလုပ်သမားခေါင်းရှိတယ်။ သူက မြန်မာတွေ အလုပ်မလုပ်ရင် ကျင်စက်နဲ့တို့တယ်။ သူတို့က လစာထုတ်တဲ့အချိန်ကျတော့ မြန်မာပြည်ပြန်ရင် ပေးမယ်၊ ပေးမယ် အဲဒီလိုပဲပြောပြီးတော့မှ တစ်ချို့လူတွေဆို ကားပေါ်ပဲ ဒီတိုင်းတင်ပေးလိုက်ပြီးတော့မှ ပိုက်ဆံက တစ်ပြားမှ ရှင်းမပေးဘူး။ အဲဒီလိုတွေလည်း ကြုံနေရပါတယ်။

ဟု မြန်မာရွှေ့ပြောင်းလုပ်သားက ဆိုသည်။

 တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဆန်းတုန်းပြည်နယ်မှာ ကိုရီးယား (၂)နှစ်နိုင်နှင့် ဂျပန်နိုင်ငံနယ်စပ်တို့တွင်ရှိသည့် ဒေသဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများသည် မိုးကုတ်မြို့မှ အလုပ်ခေါ်ပေးသည့်ပွဲစားအချိတ်အဆက်ဖြင့် ချင်းရွှေဟော်မှတစ်ဆင့်ဝင်လာကာ ဆန်းတုန်းဘက်သို့ ရောက်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

 

ဆက်စပ်သတင်းများ