ရက်စက်စွာ သေဒဏ်စီရင်မှုအတွက် မြန်မာစစ်အုပ်စုကို ကမ္ဘာတဝန်းက ရှုတ်ချ

စစ်ကိုင်းတိုင်းအတွင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းက လည်း ကန့်ကွက်ရှုတ်ချ ဆန္ဒပြခဲ့ကြစဉ် [ Photo: Aung Khant Zaw / ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီ ]
စစ်ကိုင်းတိုင်းအတွင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းက လည်း ကန့်ကွက်ရှုတ်ချ ဆန္ဒပြခဲ့ကြစဉ် [ Photo: Aung Khant Zaw / ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီ ]
ရက်စက်စွာ သေဒဏ်စီရင်မှုအတွက် မြန်မာစစ်အုပ်စုကို ကမ္ဘာတဝန်းက ရှုတ်ချ
ဇူလိုင် 27, 2022 | နိုင်ငံတကာသတင်း
By Mr John

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄) ဦးကို သေဒဏ်ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း ဇူလိုင်လ (၂၅) ရက်နေ့က ကြေညာလိုက်ရာ ဆယ်စုနှစ်များအတွင်း နိုင်ငံ၏ ပထမဆုံး ကွပ်မျက်မှုများဖြစ်လာခဲ့ပြီး ကမ္ဘာတဝန်းမှ ရှုတ်ချမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိလာခဲ့သည်။

သေဒဏ်ပြစ်ဒဏ်ကို ဇန်နဝါရီလနှင့် ဧပြီလအတွင်း လျှို့ဝှက်တရားခွင်များတွင် စစ်ဆေးပြီး ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။ 

သေဒဏ်ချမှတ်ပြီး အမှန်တကယ် ကွပ်မျက်ခံရသူ (၄) ဦးမှာ ယမန်နှစ် အာဏာသိမ်းမှုနှင့် နိုင်ငံတဝန်း ဆန္ဒပြမှုများအား သွေးထွက်သံယို ဖြိုခွဲခဲ့မှုနောက်ပိုင်း စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် ပြည်သူ့တော်လှန်ရေးလှုပ်ရှားမှုကို ကူညီခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

သေဒဏ်စီရင်ခံရသူများအနက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ‌ ကိုဂျင်မီဟု လူသိများသူ ကိုကျော်မင်းယု၊ လွှတ်တော်အမတ်ဟောင်းနှင့် ဟစ်ဟော့အဆိုတော် ကိုဖြိုးဇေယျာသော်တို့ ပါဝင်ပြီး အခြား ကွပ်မျက်ခံရသူ (၂) ဦးမှာ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရတို့ ဖြစ်သည်။ 

စစ်အုပ်စုထိန်းချုပ်ထားသည့် နိုင်ငံပိုင်မီဒီယာများတွင် ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း ဖော်ပြထားသော်လည်း မည်သည့်အချိန်တွင် သို့မဟုတ် မည်သည့်နည်းလမ်းဖြင့် ကွပ်မျက်ခဲ့ကြောင်း ပြောမထားခဲ့ပေ။ 

မြန်မာနိုင်ငံတွင် ယခင်သေဒဏ်စီရင်မှုများကို ကြိုးပေးကွပ်မျက်ခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄) ဦး ကွပ်မျက်ခံရပြီးနောက် အမျိုသားညီညွတ်ရေးအစိုးရ National Unity Government (NUG) က နိုင်ငံတကာက တုံ့ပြန်ရန်အချိန်ဖြစ်ကြောင်း ပြောခဲ့သည်။ 

"နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အပြစ်ပေးရမယ်" ဟု NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက ဆိုသည်။

မြန်မာနိုင်ငံ၏ အခြေအနေမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ကမောက်ကမ ဖြစ်နေခဲ့သည်။ 

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ဆယ်စုနှစ် (၆) ခုအတွင်း ဆယ်စုနှစ် (၅) ခုကြာ အာဏာသိမ်း အုပ်ချုပ်ခဲ့သော စစ်တပ်မှာ နိုင်ငံတဝန်း စစ်မျက်နှာအများအပြားတွင် အသစ်ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးအုပ်စုများနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Michelle Bachelet က စစ်အုပ်စု၏ သေဒဏ်စီရင်မှုများက ရက်စက်ကြမ်းကြုတ်ပြီး နောက်ပြန်သွားသည့်ခြေလှမ်းဟု ပြောဆိုခဲ့သည်။ 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်ကလည်း စစ်အုပ်စု၏ သေဒဏ်စီရင်မှုများကို ရှုတ်ချလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားသဖြင့် ထင်သလို ဖမ်းဆီးထားသော အကျဥ်းသားများအားလုံးကို ပြန်လွှတ်ပေးရန် ထပ်မံ တောင်းဆိုခဲ့သည်။

ထို့အတူ ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဗြိတိန်နှင့် အမေရိကန်တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် သေဒဏ်စီရင်မှုများမှာ စစ်အုပ်စု၏ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို လစ်လျူရှု ဂရုမစိုက်မှုကို နောက်ထပ် သာဓကပြလိုက်သည့် အကြမ်းဖက်လုပ်ရပ်ဖြစ်သည်ဟု ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအုပ်စု Amnesty International (AI) ၏ သေဒဏ်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Chiara Sangiorgio က ယခုသေဒဏ်စီရင်မှုများက အလွန်ကြီးမားသည့် ဆုတ်ယုတ်မှုတစ်ခုဖြစ်ပြီး စစ်အုပ်စုက ရပ်သွားမည်မဟုတ်ကြောင်း ပြောခဲ့သည်။ 

လူအခွင့်အရေးစောင့်ကြည့်အုပ်စု Human Rights Watch (HRW) ၏ အာရှဒေသဆိုင်ရာ ယာယီညွှန်ကြားရေးမှူး Elaine Pearson ကလည်း သေဒဏ်စီရင်မှုမှာ အကြွင်းမဲ့ ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်ဖြစ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှု ငြိမ်သွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုသေဒဏ်စီရင်မှု (၄) ခုမှာ အာဏာသိမ်းပြီးနောက် စစ်အုပ်စု၏ စစ်ခုံရုံးများက သေဒဏ်ချမှတ်ထားမှု (၁၁၇)ဦး အနက် ပထမဆုံး သေဒဏ်စီရင်မှုလည်း ဖြစ်လာခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ Assistance Association for Political Prisoners (AAPP) က ပြောသည်။ 

AAPP က မြန်မာနိုင်ငံတွင် ဖမ်းဆီးမှု၊ သတ်ဖြတ်မှုနှင့် တရားရုံးစီရင်ချက်များကို စောင့်ကြည့်မှတ်တမ်းပြုစုနေသည်။

 သေဒဏ်စီရင်ခံရသူ (၄) ဦး၏ မိသားစုများက ရုပ်အလောင်း ပြန်လည်ရရှိရန် တောင်းဆိုခဲ့ကြသော်လည်း အင်းစိန်အကျဥ်းထောင် အာဏာပိုင်များက ပြန်မပေးခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်း စစ်အုပ်စုက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် ရွေးကောက်ခံခေါင်းဆောင်များကို သေဒဏ်စီရင်မှုကို အမေရိကန်သမ္မတအိမ်ဖြူတော်ကလည်း ရှုတ်ချလိုက်သည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က ဝါရှင်တန်အနေဖြင့် စစ်အုပ်စုကို တုံ့ပြန်ရန် နောက်ထပ် အစီအမံများကို စဥ်းစားနေပြီး ရွေးချယ်စရာအားလုံးကို စီစဥ်ထားကြောင်းနှင့် ဖြစ်လာနိုင်သည့် အရေးယူပိတ်ဆို့မှုများမှာ အထူးသဖြင့် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ကဏ္ဍဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စု အာဏာသိမ်းထားမှုနှင့်အတူ စီးပွားရေးလုပ်ငန်းများ ယခင်လို ပုံမှန်မဖြစ်နိုင်ကြောင်းနှင့် နိုင်ငံအားလုံးက မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း ရောင်းချမှုများပိတ်ပင်ရန်နှင့် စစ်အုပ်စုကို ငွေချေးခြင်းမပြုရန် Ned Price က တိုက်တွန်းခဲ့သည်။ 

အမေရိကန် ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဌ Bob Menendez က မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရန် သမ္မတဂျိုးဘိုင်ဒန်ကို ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကလည်း သေဒဏ်စီရင်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ထိုသို့ သတ်ဖြတ်ခြင်းက ဒီမိုကရေစီအရေး လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေမည်မဟုတ်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။ 

"စစ်အုပ်စုရဲ့ အတုအယောင် ရုံးတင်စစ်ဆေးမှုတွေနဲ့ ဒီကွပ်မျက်မှုတွေက ဒီမိုကရေစီဆိတ်သုဥ်းအောင် ဗြောင်ကျကျ ကြိုးပမ်းမှုတွေပဲ။ ဒီလုပ်ရပ်တွေက မြန်မာပြည်သူတွေရဲ့ ရဲရင့်တဲ့စိတ်ဓာတ်ကို ဘယ်တော့မှ ဖိနှိပ်နိုင်မှာမဟုတ်ဘူး" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။

ဆီးနိတ်လွှတ်တော် ရီပတ်ဘလစ်ကင်ခေါင်းဆောင် Mitch McConnell ကလည်း မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကို တုံ့ပြန်ကြရန် တိုက်တွန်းခဲ့သည်။ 

အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြီးခဲ့သည့်လအတွင်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာရေးသားပေးပို့ပြီး သေဒဏ်စီရင်မှုများ မလုပ်ဆောင်ရန် မေတ္တာရပ်ခံခဲ့သည်။ 

ဟွန်ဆန်ကလည်း စစ်အုပ်စု၏ သေဒဏ်စီရင်မှုကို ပြင်းထန်စွာရှုတ်ချပြီး အလွန်စိတ်ပျက်မိကြောင်း ပြောခဲ့သည်။

ပြစ်သစ်နိုင်ငံကလည်း စစ်အုပ်စု၏ သေဒဏ်စီရင်မှုများကို ရှုတ်ချလိုက်ပြီး သက်ဆိုင်သူအားလုံးကြား တွေ့ဆုံဆွေးနွေးကြရန် တိုက်တွန်းခဲ့သည်။ 

တရုတ်နိုင်ငံကမူ ၎င်း၏မူဝါဒအရ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ကြောင်းနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်သူအားလုံးအနေဖြင့် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အတွင်း ပဋိပက္ခများကို မှန်မှန်ကန်ကန် ဖြေရှင်းရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Zhao Lijian က ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ရှုတ်ချမှုသာမက တိကျပြတ်သားသည့် လုပ်ဆောင်မှု၊ အရေးယူပိတ်ဆို့မှုများ၊ စီးပွားရေး အရေးယူပိတ်ဆို့မှုများနှင့် လက်နက်ပိတ်ပင်မှုတို့လည်း ပါဝင်သော ခိုင်မာပြင်းထန်သည့် ဆုံးဖြတ်ချက်တစ်ခု ချမှတ်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က Reuters သတင်းဌာနကို ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ယခုသေဒဏ်စီရင်မှုဖြင့် အသတ်ခံရသူ (၄) ဦး အပါအဝင် လူ (၂,၁၂၃) ဦးကို စစ်အုပ်စုက သတ်ခဲ့ကြောင်းနှင့် ဖမ်းဆီးခံထားရသူ (၁၁,၇၉၅) ဦးရှိကြောင်း AAPP ၏ ဇူလိုင်လ (၂၆) ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရသည်။

Source: Reuters