ဘရာဇီးနိုင်ငံတွင် မူကြိုကျောင်းအတွင်း ပုဆိန်ဖြင့် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကလေးငယ် (၄) ဦး သေဆုံး

Photo: Le Monde
Photo: Le Monde
ဘရာဇီးနိုင်ငံတွင် မူကြိုကျောင်းအတွင်း ပုဆိန်ဖြင့် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကလေးငယ် (၄) ဦး သေဆုံး
By Mr John

ဘရာဇီးနိုင်ငံတောင်ပိုင်း ဆန်တာကက်တရီးနားပြည်နယ် Blumeanau မြို့ရှိ  နေ့ကလေးထိန်း မူကြိုကျောင်းတစ်ခု၌ ၂၀၂၃ ခုနှစ် ဧပြီလ (၅) ရက်နေ့တွင် အမျိုးသားတစ်ဦးက အသေးစား ပုဆိန်တစ်လက်ဖြင့် ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ကလေးငယ် (၄) ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့နှင့် ဆေးရုံက ပြောသည်။ 

မူကြိုကျောင်းတွင် တိုက်ခိုက်မှုကျူးလွန်ခဲ့သည့် အသက် (၂၅) နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ပုဆိန်ဖြင့် တိုက်ခိုက်သူက Cantinho Bom Pastor ကိုယ်ပိုင်မူကြိုကျောင်းအတွင်း ခြံစည်းရိုးနံရံကို ကျော်တက်ပြီး ရောက်ရှိလာခဲ့ကြောင်း ဒေသခံ လုံခြုံရေးဌာန အကြီးအကဲ Marcio Alberto Filippi က သတင်းထောက်များကို ပြောသည်။ 

ဆရာ/ဆရာမများက ကလေးများကို ကာကွယ်ရန် ရောက်ရှိလာပြီးနောက် တိုက်ခိုက်သူ အမျိုးသားက ထွက်ပြေးသွားခဲ့ပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ထံ ကိုယ်တိုင် အဖမ်းခံခဲ့ကြောင်း အစိုးရအရာရှိများကို ကိုးကားပြီး CNN သတင်းက ဖော်ပြသည်။

ကလေး (၄) ဦး သေဆုံးခဲ့ပြီး အသက် (၃) နှစ်မှ (၅) နှစ်အရွယ် အခြား ကလေး (၄) ဦးကို ဆေးကုသပေးနေကြောင်း  Santo Antonio ဆေးရုံက ပြောကြားမှုအရ သိရသည်။ 

ပုဆိန်ဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ကလေး (၄) ဦးမှာ အသက် (၅) နှစ်နှင့် (၇) နှစ်ကြား ယောက်ျားလေး (၃) ဦးနှင့် မိန်းကလေးတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။



Source: Reuters, CNN