မြန်မာစစ်အုပ်စုကို ဖိအားတိုးပေးရန် အမေရိကန်က တရုတ်ကို တိုက်တွန်း

အပုံအညွှန်း -  ဇူလိုင်လ(၉)ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် တို့ တွေ့ဆုံခဲ့ကြစဉ်။ [ Photo: Stefani Reynolds/AFP/Getty Images]
အပုံအညွှန်း - ဇူလိုင်လ(၉)ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် တို့ တွေ့ဆုံခဲ့ကြစဉ်။ [ Photo: Stefani Reynolds/AFP/Getty Images]
မြန်မာစစ်အုပ်စုကို ဖိအားတိုးပေးရန် အမေရိကန်က တရုတ်ကို တိုက်တွန်း
ဇူလိုင် 26, 2022 | နိုင်ငံတကာသတင်း
By Mr John

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို သေဒဏ်စီရင်ခဲ့ပြီးနောက် စစ်အုပ်စုအပေါ်  ဖိအားတိုးမြှင့်ရန် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို လူသိရှင်ကြား တိုက်တွန်းလိုက်သည်။ 

တရုတ်က မြန်မာကို အခြား နိုင်ငံတွေထက် ဩဇာလွှမ်မိုးနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က ပြောသည်။

"ကမ္ဘာတဝန်းက နိုင်ငံတွေကို မြန်မာအပေါ် ဖိအားတိုးပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့လည်း ဖိအားပိုတိုးပေးသွားမှာပါ" ၎င်းက ဆိုသည်။ 

သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသားကမူ တရုတ်က အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်မစွက်ဖက်ခဲ့ကြောင်း ပြောခဲ့သည်။

အာဏာသိမ်း စစ်အုပ်စုက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကွပ်မျက်လိုက်ခြင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Zhao Lijian က မြန်မာအနေဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် နိုင်ငံ၏ ဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာဆောင်ရွက်သင့်ကြောင်း ၎င်းက ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စု အာဏာသိမ်းထားမှုနှင့်အတူ စီးပွားရေးလုပ်ငန်းများ ယခင်လို ပုံမှန်မဖြစ်နိုင်ကြောင်းနှင့် နိုင်ငံအားလုံးက မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း ရောင်းချမှုများပိတ်ပင်ရန်နှင့် စစ်အုပ်စုကို ငွေချေးခြင်းမပြုရန် Ned Price က တိုက်တွန်းခဲ့သည်။ 

အမေရိကန်က စစ်အုပ်စု၏ ဝင်ငွေကို ဖြတ်တောက်ရန် ဖြစ်နိုင်သည့် ရွေးချယ်စရာအားလုံးကို စဥ်းစားနေကြောင်းလည်း ၎င်းကပြောသည်။

စစ်အုပ်စုက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄) ဦးအား သေဒဏ်စီရင်လိုက်ခြင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ထိုသို့ သတ်ဖြတ်ခြင်းက ဒီမိုကရေစီအရေး လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေမည်မဟုတ်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

"စစ်အုပ်စုရဲ့ အတုအယောင် ရုံးတင်စစ်ဆေးမှုတွေနဲ့ ဒီကွပ်မျက်မှုတွေက ဒီမိုကရေစီဆိတ်သုဥ်းအောင် ဗြောင်ကျကျ ကြိုးပမ်းမှုတွေပဲ။ ဒီလုပ်ရပ်တွေက မြန်မာပြည်သူတွေရဲ့ ရဲရင့်တဲ့စိတ်ဓာတ်ကို ဘယ်တော့မှ ဖိနှိပ်နိုင်မှာမဟုတ်ဘူး" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်သည်။

Source: BBC