တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်တွင် ညှင်းပန်းနှိပ်စက်ခံရပြီး ဒုက္ခရောက်နေသည့် မြန်မာလုပ်သားများက မြန်မာသံရုံး၏ အကူအညီ တောင်းခံထား

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်တွင် ညှင်းပန်းနှိပ်စက်ခံရပြီး ဒုက္ခရောက်နေသည့် မြန်မာလုပ်သားများက မြန်မာသံရုံး၏ အကူအညီ တောင်းခံထား
By Tachileik News Agency

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ်ရှိ ပင်လယ်စာစက်ရုံတစ်ခုသို့ ပို့ဆောင်ခံရပြီး မတရား အလုပ်စေခိုင်းခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သား (၁၀၀) ကျော်ကို ကူညီပေးရန် ဘေဂျင်းရှိ မြန်မာသံရုံးထံ ဆက်သွယ်အကူအညီတောင်းခံထားကြောင်း သိရသည်။

လွန်ခဲ့တဲ့တစ်လက ကျွန်တော် မြန်မာသံရုံးကိုလည်း ဆက်သွယ်ထားပါတယ်။ အဖမ်းခံရတုန်းက ဖုန်းတစ်လုံး ခိုးပြီးဖွက်ထားတာရှိပါတယ်။ အဲဒါနဲ့ အချက်အလက်တွေပို့ပြီး အကူအညီတောင်းပါတယ်။ မြန်မာသံရုံးက ကျွန်တော်တို့ကို ကူညီပေးလို့မရဘူး။ တရားမဝင်လာတာတဲ့ အဲဒီလိုပြန်ဖြေပါတယ်။ ဖေ့ဘုတ်ကနေ မြန်မာသံရုံး ဘေဂျင်းကိုဆက်သွယ်ပြီး အကူအညီတောင်းတာပါ။

ဟု အဆိုပါစက်ရုံမှ ထွက်ပြေးလွတ်မြောက်လာသည့် မြန်မာလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၀) ရက်နေ့တွင် ပြောသည်။

ဆန်းတုန်းပြည်နယ်ရှိ နန်းရှီးပင်လယ်စာကုမ္ပဏီတွင် အခက်အခဲဖြစ်နေသည့် မြန်မာလုပ်သား (၁၀၀) ကျော်မှာ လွန်ခဲ့သည့် (၃) လဝန်းကျင်က တရုတ်နိုင်ငံတွင်း တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေမှုဖြင့် ရဲအဖမ်းခံရပြီးနောက် အဆိုပါကုမ္ပဏီ၏လုပ်ငန်းခွင်သို့ ပို့ဆောင်ခံထားကြရပြီး လုပ်ခလစာမရဘဲ လုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

ရဲကဖမ်းဆီးပြီး အဆိုပါလုပ်ငန်းခွင်အတွင်း ပို့ဆောင်ခံရပြီး နှစ်လဝန်းကျင်အကြာ ဇူလိုင်လအတွင်းက ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ဘေဂျင်းရှိ မြန်မာသံရုံးကို ဖုန်းဖြင့်ဆက်သွယ်၍ လုပ်ငန်းခွင်တွင် ကျန်ခဲ့သူများအတွက် အကူအညီတောင်းခံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သံရုံးကိုတော့ ဖုန်းပဲလှန်းဆက်တယ်။ အကူအညီလှမ်းတောင်းတယ်။ ဟိုမှာကျန်ခဲ့တဲ့သူတွေဆီကို ဆက်သွယ်ပေးတယ်။ အဲဒီမှာ wechat ကနေ မှတ်ပုံတင်တွေ၊ ဓါတ်ပုံတွေ၊ ကုမ္ပဏီလိပ်စာတွေတောင်းတော့ အဲဒါတွေ ပေးထားတယ်

ဟု လွတ်မြောက်လာသည့် မြန်မာလုပ်သားက ပြောသည်။

အဆိုပါမြန်မာလုပ်သားများမှာ (၃) လကျော်သည်အထိ လုပ်ခလစာမရကြဘဲ မတရားစေခိုင်းခံရမှုများကြောင့် နေရပ်ပြန်ခွင့်ရရန် သံရုံးအကူအညီကိုတောင်းခံထားပြီး ထွက်ပြေးလွတ်မြောက်သွားသူတစ်ဦးမှာလည်း ရဲကလိုက်လံရှာဖွေခံနေရကြောင်း သိရသည်။ 

ရဲတကယ်ဖမ်းတဲ့သူဆိုရင် (၈) လပိုင်းမှာ မြန်မာပြည် ပြန်ပို့ပါတယ်။ ကျွန်တော်တို့နဲ့သိတဲ့သူတွေ တကယ်ရဲအဖမ်းခံရတဲ့သူတွေက မြန်မာပြည်ပြန်ပို့ခံရပြီ။ ဒီမှာက သူဌေးနဲ့ရဲပေါင်းပြီး ရဲဖမ်းတယ်ဆိုပြီး မတရားခိုင်းစေတာ အခုနဲ့ဆို ၃ လကျော် ပါပြီ။ ဘေကျင်းမှာရှိတဲ့ မြန်မာသံရုံးကို အကူ အညီတောင်းတော့လည်း အဆင်မပြေဘူးဗျ။ ကျွန်တော်တောင် ထွက်ပြေးလို့လွတ်လာတာပါ။ ရဲကလည်း လိုက်ရှာဖမ်းနေတုန်းပါ။ ပြန်မယ်ဆိုလည်း ပြန်ဖို့ မလွယ်ဘူးဗျ

ဟု လွတ်မြောက်လာသည့် မြန်မာလုပ်သားက ပြောသည်။



ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့နှင့်နယ်စပ် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်အတွင်းရှိ အဆိုပါ စက်ရုံ၏ လိပ်စာမှာ No. 8, Tianxiang Road, Ni Shi Hai Tai Training Base ဖြစ်ကြောင်း သိရသည်။



 

ဆက်စပ်သတင်းများ