ယူကရိန်းနိုင်ငံကို နျူကလီးယား လက်နက်သုံးပါက ပြင်းထန်သည့် အကျိုးဆက်များ ကြုံရမည်ဟု ဗြိတိန်က ရုရှားကို သတိပေး

ယူကရိန်းနိုင်ငံကို နျူကလီးယား လက်နက်သုံးပါက ပြင်းထန်သည့် အကျိုးဆက်များ ကြုံရမည်ဟု ဗြိတိန်က ရုရှားကို သတိပေး
နိုဝင်ဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းတွင် နျူကလီးယားလက်နက်များ အသုံးပြုပါက ပြင်းထန်သည့် အကျိုးဆက်များ ကြုံရမည်ဟု ဗြိတိန်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို သတိပေးလိုက်ပြီး ထိုလုပ်ရပ်က ပဋိပက္ခအခြေအနေကို ပြောင်းလဲစေလိမ့်မည်ဟု ပြောဆိုလိုက်သည်။

 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly က ရုရှားကို ဂျုံပြောင်းတင်ပို့မှုများအား မဟန့်တားရန်လည်း တိုက်တွန်းခဲ့ပြီး ရုရှားအစိုးရထံမှ အပူတပြင်း ထုတ်ပြန်ချက်များ ပိုများလာခြင်းမှာ ၎င်း၏ စစ်ရေးအခြေအနေ ယိမ်းယိုင်နေမှုကို အာရုံလွှဲရန်ဖြစ်သည်ဟု ဆိုသည်။

သမ္မတပူတင်ကမူ ရုရှားက ယူကရိန်းတွင် နျူကလီးယားလက်နက်သုံးမည်ကိစ္စ မပြောခဲ့ကြောင်းနှင့် ယူကရိန်းကသာ "dirty bomb" ခေါ်  ဗုံးတစ်လုံး ဖန်တီးပြီး အသုံးပြုနိုင်ကြောင်း ပြောထားသည်။ 

သို့သော် ယူကရိန်းက ထိုကဲ့သို့သောဗုံးကို အသုံးပြုရန် ပြင်ဆင်နေသည်ဆိုခြင်းမှာ အဓိပ္ပါယ်မဲ့ ပြောဆိုမှုတစ်ခုဖြစ်ကြောင်းနှင့် နျူကလီးယားလက်နက်များအကြောင်း ပူတင်၏ ပြောဆိုမှုက တာဝန်မဲ့သော ပြောဆိုမှုဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

"တခြား ဘယ်နိုင်ငံကမှ နျူကလီးယားသုံးမယ့်ကိစ္စ ပြောမနေပါဘူး။ ဘယ်နိုင်ငံကမှ ရုရှား သို့မဟုတ် သမ္မတပူတင်ကို ခြိမ်းခြောက်မနေပါဘူး" ဟု James Cleverly က လွှတ်တော်အမတ်များကို ပြောသည်။ 

"နျူကလီးယားလက်နက်သုံးရင် ဗြိတိန်နဲ့ ကျွန်တော်တို့ရဲ့မဟာမိတ်တွေအတွက် ပဋိပက္ခအခြေအနေ ပြောင်းသွားလိမ့်မယ်ဆိုတာကို သူ့အနေနဲ့ ရှင်းရှင်းလင်းလင်း သိထားသင့်တယ်။ ရုရှားအတွက် ပြင်းထန်တဲ့ အကျိုးဆက်တွေရှိလာမယ်" ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့်လအတွင်း Nord Stream ဂက်စ်ပိုက်လိုင်းကို ဗြိတိန်ရေတပ်က ဖောက်ခွဲခဲ့ကြောင်းနှင့် ခရိုင်မီးယားဒေသ ပင်လယ်နက်အတွင်းရှိ ရုရှားရေတပ်သင်္ဘောအုပ်စုကို ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်မှုများတွင်လည်း ဗြိတိန်ကျွမ်းကျင်သူများက ကူညီပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲထားသည်။ 

ဗြိတိန်က ထိုစွပ်စွဲမှုများမှာ မှားယွင်းကြောင်း တုံ့ပြန်ခဲ့သည်။

ခရိုင်မီးယားဒေသရှိ ၎င်း၏ရေတပ် ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် ရုရှားက ကုလသမဂ္ဂနှင့် တူရကီနိုင်ငံတို့က ကြားဝင်ဆောင်ရွက်ခဲ့သည့် ပင်လယ်နက်ကိုဖြတ်ပြီး ဂျုံပြောင်းတင်ပို့ရန်အတွက် ယူကရိန်းနှင့် သဘောတူညီမှုကို ရပ်ဆိုင်းခဲ့သည်။

ထို့အပြင် ၎င်း၏ ရေတပ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ရုရှား ထပ်မံ တိုက်ခိုက်ခဲ့သည်။ 

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် လျှပ်စစ်ဓာတ်အားနှင့် ရေးပေးဝေးမှုများ ပြတ်တောက်နေပြီး အခက်အခဲကြုံနေကြရသည်။

Source: Reuters

Photo: ndtv, PAULA BRONSTEIN / GETTY IMAGES,