တရုတ်နိုင်ငံတွင် ဖမ်းဆီးခံရပြီး အဓမ္မအလုပ်စေခိုင်းခံနေရ၍ မြန်မာသံရုံးကို အကူအညီတောင်းသည့် မြန်မာလုပ်သားများ ပြင်ပနှင့် အဆက်အသွယ် ပြတ်တောက်နေ

တရုတ်နိုင်ငံတွင် ဖမ်းဆီးခံရပြီး အဓမ္မအလုပ်စေခိုင်းခံနေရ၍ မြန်မာသံရုံးကို အကူအညီတောင်းသည့် မြန်မာလုပ်သားများ ပြင်ပနှင့် အဆက်အသွယ် ပြတ်တောက်နေ

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ်တွင် တရုတ်ရဲနှင့် အလုပ်ရှင်ပေါင်းပြီး တရားမဝင် မြန်မာလုပ်သားများကို ဖမ်းဆီးကာ နန်းရှီးစက်ရုံ၌ ညှင်းပန်းနှိပ်စက် အလုပ်စေခိုင်းထား၍ မြန်မာသံရုံးကို အကူအညီတောင်းထားသည်ကို ရဲကသိသွားပြီးနောက် အဆိုပါ မြန်မာလုပ်သားများကို ဆက်သွယ်၍ မရတော့ကြောင်း  မိသားစုဝင်အချို့ထံမှ သိရသည်။

ကျွန်တော့်အစ်ကိုက အဖမ်းခံရပြီး အဲဒီကို အပို့ခံရတာပါ။ ကျွန်တော်တို့လည်း စိတ်ပူနေပါပြီ။ အစ်ကိုရဲ့ မိန်းမနဲ့ ကလေးလည်း စိတ်ပူနေကြပြီ။ အဲဒီစက်ရုံက ရဲနဲ့ပိုင်တယ်ပြောရမလားပဲ။ ရဲတွေက မြန်မာတွေကို စက်ရုံအတော်များများမှာ လိုက်ဖမ်းတယ်။ ပြီးရင်ပြန်မပို့ဘူး ။ အဲဒီ စက်ရုံကို ရောင်းစားတယ်။ အခု အဖမ်းခံထားရတဲ့သူတွေနဲ့ အဆက်အသွယ်မရတော့ဘူး။ အရင်ရဲမိတဲ့သူတွေကို စားဖိုဆောင်အောက်မှာ ပိတ်လှောင်ထားတယ်။ ထောင်သားတွေထက် ဆိုးတယ်။ အလုပ်မဆင်းရင် ရိုက်နှက်ပြီး အလုပ်လုပ်ခိုင်းတယ်။ ကူညီကြပါအုံးဗျာ

ဟု နန်းရှီးစက်ရုံတွင် ပို့ခံထားရသူတစ်ဦးက မိသားစုဝင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ (၂၃) ရက်နေ့က ဆက်သွယ်ပြောကြားသည်။

မြန်မာနိုင်ငံဘက်တွင် အာဏာသိမ်းခံရပြီးနောက်ပိုင်း တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဆန်းတုန်းပြည်နယ်တွင် တရားမဝင် မြန်မာလုပ်သားများကို ရဲကလိုက်လံဖမ်းဆီးပြီးနောက် စက်ရုံများသို့ ပြန်လည်ပို့ဆောင်၍ လစာမပေးဘဲ အလုပ်စေခိုင်းနေကြရာ SHANDONG TAI’AI CATERING MANAGEMENT Company Ltd (မြန်မာလုပ်သားများအခေါ် နန်းရှီးစက်ရုံ) သို့ ပို့ခံထားရသည့် မြန်မာလုပ်သား (၁၀၀) ကျော်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ အခုလက်ရှိက ရောဂါအခြေအနေကလည်း တအားဆိုးနေတယ်။ ပြီးတော့ နိုင်ငံရေးကလည်း မကောင်း အဲဒါကို သူတို့က(အလုပ်ရှင်) ပိုသိတယ်ဗျ။ အဲဒီကျတော့ ကုမ္ပဏီကသူဌေးတွေက ရဲတွေနဲ့ပေါင်းပြီး လုပ်စားနေကြတာ။ လစာထုတ်ခါနီးဆို လစာမပေး။ မပေးဘဲနဲ့ ရဲဖမ်းခိုင်းလိုက်၊ ဖမ်းပြီးမှ တစ်ခြားကုမ္ပဏီမှာ ပြန်ပို့ပြီး အလုပ်လုပ်ခိုင်းလိုက်နဲ့ လုပ်နေကြတာ

ဟု SHANDONG TAI’AI CATERING MANAGEMENT Company Ltd (မြန်မာလုပ်သားများအခေါ် နန်းရှီးစက်ရုံ)မှ မေလဆန်းပိုင်းတွင် ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

SHANDONG TAI’AI CATERING MANAGEMENT Company Ltd (မြန်မာလုပ်သားများအခေါ် နန်းရှီးစက်ရုံတွင် ယခင်ကတည်းက အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများမှာ လစာပုံမှန်ရနေရာမှ မြန်မာနိုင်ငံတွင် အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလမှစ၍ လစာပုံမှန်မပေးတော့ဘဲ မေလကုန်ပိုင်းတွင် စက်ရုံသို့ရဲဝင်ဖမ်းသည့်ပုံစံဖြင့် ဖမ်းဆီးကာ လစာမပေးတော့ဘဲ အလုပ်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

သူတို့က (၅)လပိုင်းကုန်ခါနီးမှာ အဲဒီကုမ္ပဏီနားက အဆောက်အဦတစ်ခုမှာ ရဲဖမ်းမှာစိုးလို့ဆိုပြီး ပုန်းခိုင်းထားတယ်။ သူတို့ ၃ ရက် ၄ ရက်လောက်ပုန်းရတယ်။ သူတို့လုပ်တဲ့ပုံစံက ရဲပုန်းခိုင်းပြီး ရဲလာဖမ်းတယ်ဆိုပြီး အလုပ်မှာ ပြန်ခိုင်းနေတာ။ သူတို့ ၆ လပိုင်း ၂ ရက်နေ့က ဖမ်းခံရရချင်း သံရုံးကိုဆက်သွယ်ခဲ့တယ်

ဟု SHANDONG TAI’AI CATERING MANAGEMENT Company Ltd (မြန်မာလုပ်သားများအခေါ် နန်းရှီးစက်ရုံ)မှ လွတ်မြောက်လာသည့် မြန်မာလုပ်သားက ပြောသည်။

အဆိုပါစက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်သမားများကို ရဲအဖမ်းခံရသည့်ပုံစံဖြင့် စက်ရုံတွင် ပြန်ခိုင်းသည့်အပြင် အခြားနေရာများမှ ဖမ်းခံလာရသည့် မြန်မာလုပ်သားများပါ ရောက်လာသဖြင့် မြန်မာလုပ်သား (၁၀၀) ဝန်းကျင်မှာ လုပ်အားခမရကြဘဲ အဓမ္မအလုပ်စေခိုင်းခံနေရ၍ ကူညီပေးရန် မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။

သံရုံးကို ပထမဆက်သွယ်တော့ တရားမဝင်လုပ်သားတွေဖြစ်လို့ သူတို့ကူညီလို့မရဘူးပြောတယ်။ နောက်တော့ သူတို့ ကူညီပေးမယ်ပြောတယ်။ အဲဒီမှာ သံရုံးက ဆန်းတုန်းဘက်က ရဲတွေကို ပြန်အကြောင်းကြားလိုက်ပုံရတယ်။ ရဲတွေက စက်ရုံရောက်လာပြီး သံရုံးကပို့လိုက်တာတွေပြပြီး ကျွန်တော့်အစ်ကိုနဲ့ ဖုန်းဖွက်ထားပြီး ငှားပေးတဲ့သူကို ထမင်းစားခန်းအောက်ထပ်မှာ လက်ထိပ်ခတ်ပြီး ဘယ်သူနဲ့မှ ပေးမတွေ့ဘဲထားတယ်လို့ ကျွန်တော့အစ်ကိုနဲ့ ဒီလ ၁၂ ရက်နေ့ နောက်ဆုံး အဆက်အသွယ်ရတုန်းက သိရတယ်

ဟု စက်ရုံတွင်ဖမ်းခံထားရသည့် မြန်မာလုပ်သား၏ မိသားစုဝင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကိုးရီးယား (၂)နိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် နယ်စပ်ဖြစ်သည့် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ဝမ်တိန်မှ SHANDONG TAI’AI CATERING MANAGEMENT Company Ltd ဟု ဆိုင်းဘုတ်ရေးထားသည့် ခြံဝန်းအတွင်းရှိ အဆောက်အဦးအတွင်း၌ ရဲနှင့်အလုပ်ရှင်ပေါင်း၍ ဖမ်းဆီး အလုပ်စေခိုင်းခံထားရသည့် မြန်မာလုပ်သား (၁၀၀) ကျော်မှာ မြန်မာသံရုံးအပါအဝင် မည်သည့်အဖွဲ့အစည်း၏ အကူအညီမှ မရဘဲဖြစ်နေသည့်အပြင် အဆက်အသွယ်လည်း မရသဖြင့် မိသားစုဝင်များမှာ စိုးရိမ်နေကြကြောင်း သိရသည်။

 

 

ဆက်စပ်သတင်းများ