ထိုင်းနိုင်ငံ ဆာမွတ်ဆာခွန်းရှိ ဝပ်ယိုင် ထိုင်းအစိုးရ မူလတန်းကျောင်းတွင် မည်သည့် ကျောင်းနေရွယ် မြန်မာကလေးငယ်များမဆို အခမဲ့ပညာသင်ကြားခွင့် ရမည်

ထိုင်းနိုင်ငံ ဆာမွတ်ဆာခွန်းရှိ ဝပ်ယိုင် ထိုင်းအစိုးရ မူလတန်းကျောင်းတွင် မည်သည့် ကျောင်းနေရွယ် မြန်မာကလေးငယ်များမဆို အခမဲ့ပညာသင်ကြားခွင့် ရမည်
ဖေဖော်ဝါရီ 2, 2024 | ပညာရေး

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ကီလိုမီတာ (၅၀)ကွာဝေးသည့် ဆာမွတ်ဆာခွန်းခရိုင်အတွင်းရှိ ဝပ်ယိုင်ထိုင်းအစိုးရမူလတန်းကျောင်းတွင် မြန်မာလုပ်သားများ၏ သားသမီးများအပါအဝင် မြန်မာနိုင်ငံအတွင်းမှ စစ်ဘေး နှင့် နိုင်ငံရေး အခြေအနေ အကြောင်းအမျိုးမျိုးဖြင့် တိမ်းရှောင်လာသည့် ကျောင်းနေရွယ် မြန်မာကလေးများငယ်ကို အခမဲ့ပညာ သင်ကြားခွင့်ပေးမည်ဖြစ်ကြောင်း  သိရသည်။

ဝပ်ယိုင်ထိုင်းအစိုးရမူလတန်းကျောင်းတွင် ကျောင်းနေရွယ် အသက်(၄)နှစ်မှ အသက်(၁၃)နှစ်အထိ  မြန်မာကလေးငယ်ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်း ကျောင်းအပ်လက်ခံနေပြီး ဖြစ်သည်။ 

"ကျွန်တော်တို့ကျောင်းက ထိုင်းအစိုးရ မူလတန်းကျောင်းဖြစ်လို့ အစိုးရသတ်မှတ်ထားတဲ့ (၆)တန်းအထိရှိတယ်။ (၆)တန်း ပြီးသွားရင်လည်း အထက်တန်း၊ ဘွဲ့ရတဲ့အထိ ပညာဆက်သင်ကြား ခွင့်ရပါမယ်။ ကျောင်းကပဲ ဆက်လုပ်ပေးသွားမှာပါ။"ဟု ဝပ်ယိုင်ထိုင်းအစိုးရမူလတန်းကျောင်းမှ မြန်မာဆရာတစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ပြောသည်။ 

 အဆိုပါကျောင်းတွင် ကျောင်းလာအပ်မည်ဆိုပါက မိဘများအနေဖြင့် ကလေးသည် ထိုင်းနိုင်ငံတွင် မွေးဖွားသည့် ကလေးဖြစ်ပါက ထိုင်းမွေးစာရင်း ယူလာရမည်ဖြစ်ပြီး ထိုင်းမွေးစာရင်း မရှိသူများအနေဖြင့်လည်း ကလေး၏ မွေးနေ့၊ မွေးလ၊ မွေးနှစ်များကိုသေချာရေးမှတ်ပြီး ယူလာပေးရန်၊ တစ်လက်မ ဓာတ်ပုံ (၅)ပုံ အပါအဝင် မိဘများ ကိုင်ဆောင်ထားသည့် ပတ်စပို့(Passport)၊ ပန်းရောင်ကတ် မိတ္တူစာရွက်(၂)စုံတို့ကို ယူဆောင်လာရမည်ဟု သိရသည်။

"အထောက် မရှိပေမယ့် လက်ခံထားတဲ့ ကလေးတွေလည်းရှိတယ်။ မြန်မာကလေးပဲ ဖြစ်ဖြစ်၊ ထိုင်းကလေးပဲ ဖြစ်ဖြစ် ကျောင်းနေရမယ့် အရွယ်မှာ ကျောင်းနေကို နေရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ မြန်မာလူမျိုးတွေ အတွက် ကြည့်ပေးတာပေါ့နော်။ အဲဒီတော့ လာအပ်သူမှန်သမျှကို ကိုယ်မွေးတဲ့ မွေးသက္ကရာဇ်သိရင် လက်ခံပေးတယ်။"ဟု ၎င်းကဆက် ပြောသည်။

မြန်မာကျောင်းသားများကို လက်ခံရန် လူဦးရေကန့်သတ်ထားခြင်း မရှိဘဲ ကျောင်းအပ်လာသူမှန်သမျှကို လက်ခံပေးနိုင်ရန်စီစဉ်နေသလို ကျောင်းဆာင်အသစ်များကိုလည်း ထပ်မံ တိုးချဲ့ဆောက်လုပ်ရန် စီစဉ်ပေးထားသည်ဟု သိရသည်။

"မြန်မာကလေးတွေက နိုင်ငံရေး အခြေအနေကြောင့် ပြောင်းလာရတဲ့ကလေးတွေ အများကြီးရှိတယ်။ ဆရာမကြီးက မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်ကိုချစ်လို့ မြန်မာကလေးတွေ ကျောင်းမနေရဘဲ ဒီလိုနေ နေရတာကို သူတို့က စိတ်မကောင်းဘူး။ အဲဒီတော့ သူတို့က သူတို့ဒေသက အာဏာပိုင်တွေနဲ့ သူတို့အချိတ်အဆက်လုပ်ပြီးတော့ လက်ခံပေးတာ။"ဟု ဆရာတစ်ဦးက ပြောသည်။

ကျောင်းအပ်ခမှာ အခမဲ့ဖြစ်ပြီး ပညာရေးကျောင်းသုံး ကိရိယာများ၊ နို့၊ ထမင်းကိုလည်း အခမဲ့ကျွေးမည် ကြောင်းနှင့်  ကျောင်းမှာ မေလ(၁၆)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကလေးများကျောင်းအပ်ခြင်းကြောင့် မိဘများမှာ နေထိုင်ခွင့်ဗီဇာရရှိမည်မဟုတ်ဟုလည်း ဆိုသည်။

ထိုင်းအစိုးရကျောင်းဖြစ်သဖြင့် ထိုင်းသင်ရိုးညွှန်းတမ်းအပြည့်ဖြင့် သင်ကြားမည်ဖြစ်ပြီး မိဘများမှ မြန်မာဘာသာစကားသင်ကြား ပေးရန်တောင်းဆိုသဖြင့် မြန်မာစာဘာသာကို မြန်မာဆရာ၊ ဆရာမ များဖြင့် ထည့်သွင်းသင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ရွှေ့ပြောင်းမြန်မာလုပ်သားများနှင့် မြန်မာနိုင်ငံအတွင်းမှ စစ်ဘေး နှင့် နိုင်ငံရေး အခြေအနေ  အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်လာသည့် ကျောင်းနေရွယ် မြန်မာကလေးများငယ်အတွက် ထိုင်းနိုင်ငံ၊ ဆာမွတ်ဆာခွန်းမြို့ရှိ ဝပ်ယိုင်ထိုင်းအစိုးရမူလတန်းကျောင်းတွင် ကျောင်းအပ်နှံလိုပါက ဆက်သွယ်ရန်ဖုန်းများဖြစ်သည့် မြန်မာဆရာမ 0824413937 ၊ မြန်မာဆရာ 083-1514157 နှင့် ထိုင်းဆရာမ 096-2399178 တို့၏ ဖုန်းသို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်၊။

ဆာမွတ်ဆာခွန်းမြို့ရှိ ဝပ်ယိုင်ထိုင်းအစိုးရမူလတန်းကျောင်းသည် မြန်မာနိုင်ငံ တနင်္သာရီတိုင်းအတွင်း မော်တောင်မြို့ နှင့် (၁၆၅)ကီလိုမီတာဝန်းကျင်သာ ကွာဝေးသည်။ 

 

Photo: Candle Candle