တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဆော်ဒီခရီးစဥ် အတွင်း ဒေါ်လာ (၆၀) ဘီလီယံရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှုများ လက်မှတ် ရေးထိုး

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဆော်ဒီခရီးစဥ် အတွင်း ဒေါ်လာ (၆၀) ဘီလီယံရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှုများ လက်မှတ် ရေးထိုး
ဒီဇင်ဘာ 9, 2022 | နိုင်ငံတကာသတင်း
By Mr John

ဆော်ဒီအာရေဗီးယားနိုင်ငံတွင် ရောက်ရှိနေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဩဇာကြီးမားသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ်မက်ဘင်ဆဲလ်မန်းနှင့် ဒီဇင်ဘာလ (၈)  ရက်နေ့က တွေ့ဆုံခဲ့သည်။ 

ရှီကျင့်ဖျင်၏ ယခုခရီးစဥ်အတွင်း တရုတ်နှင့်ဆော်ဒီ နှစ်နိုင်ငံကြား အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီသည့် သဘောတူညီမှုများကို လက်မှတ်ရေးထိုးကြကြောင်းလည်း သိရသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က ဒီဇင်ဘာလ (၇) ရက်နေ့တွင် ဆော်ဒီသို့ ရောက်ရှိလာခဲ့ရာ တခမ်းတနားဖြင့် ကြိုဆိုခဲ့ပြီး ဆော်ဒီအစိုးရ အမေရိကန်နှင့် သမ္မတဂျိုးဘိုင်ဒန်ကို သတိပေးမှုတစ်ခုအဖြစ် လေ့လာသူများက သုံးသပ်ကြသည်။

 အမေရိကန်သမ္မတအိမ်ဖြူတော်ကမူ ရှီကျင့်ဖျင်၏ ခရီးစဥ်မှာ တရုတ်က ဩဇာလွှမ်မိုးရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်းနှင့် ထိုခရီးစဥ်က အမေရိကန်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ မူဝါဒကို ပြောင်းလဲစေလိမ့်မည်မဟုတ်ဟု ဆိုသည်။

ရှီကျင့်ဖျင်၏ ခရီးစဥ်အတွင်း တရုတ်နှင့်ဆော်ဒီမှ သက်ဆိုင်ရာ ကုမ္ပဏီများက စွမ်းအင်၊ သတင်းအချက်အလက်နည်းပညာ၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် အခြားကဏ္ဍများ၌ ဒေါ်လာ (၃၀) ဘီလီယံရှိ ရင်းနှီးမြှုပ်နှံမှုများအတွက် သဘောတူညီမှု (၃၄) ခုကို လက်မှတ်ရေးထိုးကြကြောင်း သိရသည်။ 

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ကမ္ဘာ့အကြီးဆုံး ရေနံ တင်ပို့သည့်နိုင်ငံကို အမှန်တကယ် အုပ်ချုပ်နေသူ အသက် (၃၇) နှစ်အရွယ် အိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်းတို့ ဒီဇင်ဘာလ (၈) ရက်နေ့က Yamamah နန်းတော်၌  တွေ့ဆုံခဲ့ကြသည်။

ရှီကျင့်ဖျင်က ဒီဇင်ဘာလ (၉) ရက်နေ့တွင် ဆော်ဒီ၌ ကျင်းပမည့် တရုတ်-အာရပ် ထိပ်သီအစည်းအဝေးကို တက်ရောက်မည်ဖြစ်ပြီး အာရပ်နိုင်ငံများမှ ခေါင်းဆောင်များလည်း ဆော်ဒီသို့ စတင်ရောက်ရှိနေကြပြီဟု ဆိုသည်။ 

တရုတ်-အာရပ် ထိပ်သီးအစည်းအဝေးသို့ အာရပ်ခေါင်းဆောင် အနည်းဆုံး (၁၄) ဦး တက်ရောက်ကြမည်ဟု ဆိုသည်။ 

တရုတ်သမ္မတရှီကျင့်ဖျင်က ဒီဇင်ဘာလ (၉) ရက်တွင် ဆော်ဒီမှ ပြန်လည် မထွက်ခွာမီ ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ Gulf Cooperation Council (GCC) အဖွဲ့ဝင် (၆) နိုင်ငံမှ ခေါင်းဆောင်များနှင့်လည်း သီးခြားစီး တွေ့ဆုံဆွေးနွေးမည်ဟု AFP သတင်းက ဆိုသည်။

ဆော်ဒီအစိုးရသတင်းဌာန Saudi Press Agency က အသေးစိတ် ဖော်ပြခြင်းမရှိသော်လည်း တရုတ်နှင့်ဆော်ဒီ နှစ်နိုင်ငံကြား အပြန်အလှန် ကုန်သွယ်မှုမှာ ၂၀၂၁ ခုနှစ်တွင် ဆော်ဒီ Riyals ငွေ (၃၀၄) ဘီလီယံ (ဒေါ်လာ ၈၀ ဘီလီယံ) နှင့် ၂၀၂၂ ခုနှစ်၏ တတိယသုံးလပတ်တွင် ဆော်ဒီ Riyals ငွေ (၁၀၃) ဘီလီယံ (ဒေါ်လာ ၂၇ ဘီလီယံ) ရှိခဲ့ကြောင်း ပြောသည်။

ဆော်ဒီအစိုးရ ရုပ်မြင်သံကြားသတင်းဌာန Al Ekhbariya ၏ ပြောကြားမှုအရ ဒီဇင်ဘာလ (၈) ရက်နေ့တွင် တရုတ်နှင့်ဆော်ဒီ ကုမ္ပဏီများကြား ဆော်ဒီ Riyals ငွေ (၁၁၀) ဘီလီယံ (ဒေါ်လာ ၂၉.၃ ဘီလီယံ) ရှိ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှု (၂၀) ခုကို လက်မှတ်ရေးထိုးကြမည်ဟုလည်း သိရသည်။

Source: AFP, CNA, Reuters

Photo: REUTERS/Mohammed Benmansour,  Saudi Press Agency