တာချီလိတ်၏ ပထမအကြိမ်မီးပုံးပျံပွဲတော်ပိတ်ပွဲတွင် နေ့လွှတ်နှင့်ညမီးကြီးများလွှတ်တင်မည်

တာချီလိတ်၏ ပထမအကြိမ်မီးပုံးပျံပွဲတော်ပိတ်ပွဲတွင် နေ့လွှတ်နှင့်ညမီးကြီးများလွှတ်တင်မည်
နိုဝင်ဘာ 16, 2019
By 🌸

တာချီလိတ်၏  ပထမအကြိမ်မီးပုံးပျံပွဲတော် ပိတ်ပွဲတွင် နေ့လွှတ်နှင့် ညမီးကြီးများလွှတ်တင်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကျင်းပနေသည့် ပထမအကြိမ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် နောက်ဆုံးနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့၌ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းတွင် နေ့လွှတ်အရုပ်၊ ညမီးကြီးနှင့် အပျော်တမ်းလွှတ်တင်သည့် မီးပုံးများ လွှတ်တင်ကြမည်ဖြစ်သည်။

ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းတွင် နေ့လယ် (၂)နာရီမှစ၍ နေ့လွှတ်အရုပ်များ လွှတ်တင်မည်ဖြစ်ပြီး ည(၆)နာရီမှ စ၍ ဖျော်ဖြေမှုများတင်ဆက်ကာ ညမီးကြီး (၃)လုံးကို လွှတ်တင်မည်ဖြစ်သည်။
ယင်းနောက် ပထမအကြိမ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော်ပိတ်ပွဲအခမ်းအနားကို ကျင်းပကာ အပျော်တမ်းလွှတ်တင်သည့် မီးပုံးပျံ အလုံးရေ (၂၀၀)ကို လွှတ်တင်ကြမည်ဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြမည်ဖြစ်သည်။

မီးပုံးပျံပွဲတော် ဒုတိယနေ့ဖြစ်သည့် နိုဝင်ဘာလ (၁၆)ရက်နေ့၌  YT Mobile က ဆင်၊ ကြီးမြတ်သောရွှေမြင်းက မြင်း၊ ရှမ်းရွှေမြန်မာဟိုတယ်က ငှက်ဖြူ၊ ဝမ်းကောင်းရပ်ကွက်က ပိုလာဝက်ဝံ၊ J My King ဟိုတယ်က ကြက်တူရွေး၊ တာချီလိတ်ကျောင်းသားဟောင်းများအဖွဲ့က ကြက်တူရွေး၊ 1G1 ဟိုတယ်က အောက်ချင်းငှက်၊ Hotel Tachileik က ဘဲဟင်္သာ၊ LM Co.,Ltd က ဟင်္သာ၊ ဖြိုးကုန်စုံဆိုင်က ဆင်၊ တော်ဝင်ဆီပန့်က ချိုးဖြူ၊ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်က ဟင်္သာရုပ်များကို လွှတ်တင်ခဲ့ကြပြီး ညပိုင်း၌ ဖျော်ဖြေမှုများနှင့်အတူ ညမီးကြီး (၁)လုံးကိုလည်း လွှတ်တင်မည်ဖြစ်သည်။

မီးပုံးပျံပွဲတော် ပထမနေ့ ဖွင့်ပွဲဖြစ်သည့် နိုဝင်ဘာလ (၁၅)ရက်နေ့က ဆုမဲပေါင်း (၂၀၀)နီးပါး ပါဝင်သည့် ပံ့သကူမီးပုံးပျံ (၁) လုံး၊ ဟိုတယ်တာချီလိတ်၊ 1G1 Hotel နှင့် မဇ္ဇျိမလူမှုကူညီရေးအသင်းတို့၏ နေ့လွှတ်အရုပ် (၃)ရုပ်၊ ကြီးမြတ်သောရွှေမြင်းကုမ္ပဏီ ညမီးကြီး (၁)လုံးနှင့် တက်ရောက်လာသူများက အပျော်တမ်း မီးပုံးပျံငယ်အလုံးပေါင်း (၂၀၀)တို့ကို လွှတ်တင်ခဲ့ကြခြင်းဖြစ်သည်။

တာချီလိတ်မြို့၏ ပထမဆအကြိမ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော်ကို ဒေသခံပြည်သူများက ကော်မတီတစ်ရပ်ဖွဲ့ကာ အများပြည်သူပူးပေါင်းပါဝင်မှုဖြင့် ကျင်းပနေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ #ကျော်ဇင်ဟိန်း

ဆက်စပ်သတင်းများ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net