တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံများကြောင့် တစ်နေ့တည်း (၃)ဦး ထပ်မံ သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံများကြောင့် တစ်နေ့တည်း (၃)ဦး ထပ်မံ သေဆုံး
သြဂုတ် 3, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံများကြောင့် ဩဂုတ်လ(၃)ရက်‌နေ့ တစ်နေ့တည်း သေဆုံးသူ (၃)ဦး ထပ်တိုး၍ သေဆုံးသူ စုစုပေါင်း (၁၃)ဦးအထိ ရှိလာကြောင်း သိရသည်။

တစ်နေ့တာအတွင်း ပထမဆုံး သေဆုံးသူအဖြစ် ဩဂုတ်လ(၃)ရက်နေ့အကူး နံနက်(၂)နာရီခွဲဝန်းကျင်အချိန်က သေဆုံးသွားသူမှာ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)တွင် နေထိုင်သူ အသက်(၄၉)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ဆေးရုံတွင် ဆေးကုသမှု ခံယူရင်း ရောဂါအခံကြောင့် သေဆုံးသွားသည့်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းက ညတွင်းချင်းသွားရောက်သယ်ဆောင်ကာ ပုံလို့သုဿန်သို့ ပို့ဆောင်ပြီး မီးသင်္ဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။ 

ဒုတိယမြောက်မှာ တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ပါခုတ်ကျေးရွာအတွင်းမှ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းသည် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်တွင် ဆေးဝါးကုသမှုခံယူနေရင်း  နံနက်(၇)နာရီကျော် အချိန်က သေဆုံးသွားခြင်း ဖြစ်သည့်အတွက် မေတ္တာရှင် သာရေးနာရေး လူမှုကူညီရေးအသင်းက သွားရောက်ကူညီသယ်ဆောင်ပြီး  ပုံလို့သုဿန်သို့ ချက်ချင်းပို့ဆောင်ပြီး မီးသင်္ဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

တတိယမြောက်အနေဖြင့် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)တွင် နေထိုင်သူ အသက်(၅၃)နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းတွင် Covid-19 ပိုးရှိကြောင်း ဩဂုတ်လ(၂)ရက်နေ့က စစ်ဆေးတွေ့ရှိရခြင်း  ဖြစ်ပြီး ရောဂါအခံရှိ၍ တာချီလိတ်ခရိုင်ပြည်သူဆေးရုံကြီးရှိ  isolation ward တွင် ဆေးဝါးကုသမှု ခံယူနေစဉ် ယနေ့ ဩဂုတ်လ(၃)ရက်နေ့ နေ့လည်ပိုင်းက သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။



 

တာချီလိတ်မြို့တွင် ဩဂုတ်လ(၂)ရက်နေ့ ညပိုင်းက သေဆုံးသွားသည့် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ယာမြေကုန်းမှ အသက်(၆၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ပတ်သက်၍ ၎င်းသည် ရောဂါအခံများရှိသူဖြစ်သော်လည်း Covid-19 ပိုးရှိထားသူ မဟုတ်ကြောင်း နှင့် ပုဂ္ဂလိကဆေးရုံ နှင့် ခရိုင်ပြည်သူ့ဆေးရုံတို့မှ RDT Test Kist ဖြင့် ဩဂုတ်လ(၂)ရက်နေ့ နံနက်ပိုင်းက စစ်ဆေးပေးထားသည့် Negative အဖြေစာရွက်များလည်းရှိကြောင်း မိသားစုဝင်များထံက သိရသည်။

ကိုဗစ် မဟုတ်ပါဘူး။ အဖွားက ဝမ်းနုတ်ဆေးကြောင့် ဝမ်းအသွားများပြီးတော့ သွေးပေါင်ထိုးကျတာ၊ အရင်ရောဂါခံ နှလုံးနဲ့ ပန်းနာ ရင်ကျပ်ပါပေါင်းသွားတာ။ လူကြီးရောဂါပဲပြောရမှာပေါ့။ ဆေးရုံက အိမ်ပြန်ခေါ်ချင်လည်းရတယ်။ ညတွင်းချင်း ပို့ချင်လည်းရတယ်လို့ ပြောတယ်။ အိမ်ပြန်သယ်ရင်လည်း ရပ်ကွက်ထဲက လူတွေ ဒုက္ခများမှာဆိုးလို့။   နောက် လူမူရေးအသင်းတွေနဲ့ ချိတ်တော့လည်း ညပိုင်းထားစရာ နေရာမရှိဘူးတဲ့။ ရင်ခွဲရုံမှာထားမယ်ဆိုတော့လည်း အဆင်မပြေဘူး။ အဲ့ဒါကြောင့် ညတွင်းချင်း ပို့လိုက်ရတာပါ။ ကိုဗစ်ကြောင့် မဟုတ်ဘဲနဲ့ ပတ်ဝန်းကျင်မှာ နာမည်ထွက်နေတော့ ကျန်မိသားစုတွေ အတွက်လည်း အခက်တွေ့လို့ပါ

ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၃)ရက်နေ့ ညနေပိုင်းက ပြောသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ သေဆုံးသူများအဖြစ် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့က စတင်ကာ ဩဂုတ်လ(၃)ရက်နေ့အထိ အမျိုးသား(၈)ဦး နှင့် အမျိုးသမီး(၅)ဦး စုစုပေါင်း (၁၃)ဦးအထိ ရှိလာရာတွင် ဘုန်းကြီးတစ်ပါး ပါဝင်သည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလ၏ (၃၆)ရက်အတွင်း ဩဂုတ်လ(၂)ရက်နေ့ ညနေပိုင်း အချိန်အထိ Covid-19 ကူးစက်ခံထားရသူများတွင် မိမိအစီစဉ်ဖြင့် လုပ်ငန်းခွင် နှင့် နေအိမ်များတွင် စစ်ဆေး ပိုးတွေ့ စာရင်းများ မပါဝင်ဘဲ ဌာနဆိုင်ရာများ၏ တရားဝင်စာရင်းအရ (၁,၅၀၀)ကျော်အထိရှိနေပြီး သေဆုံးသူမှာ ယနေ့ ဩဂုတ်လ(၃)ရက်နေ့အထိ (၁၃)ဦးအထိရှိနေကာ ဆေးရုံမှ ဆင်းခွင့်ရရှိသွားသူမှာ (၇၀၀)ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။



ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း၊ မေတ္တာရှင် သာရေး နာရေး လူမှုကူညီရေးအသင်း