မီးပုံးပျံ အလုံး(၃၀)ကျော် လွှတ်တင်မည့် တာချီလိတ်မြို့၏ ပထမဆုံး ရွှေတြိဂံဒေသ ရိုးရာမီးပုံးပျံပွဲတော် အား ရှမ်းစာပေယဉ်ကျေးမှုကွင်းအတွင်း နေ့ရောညပါ (၃)ရက်တိုင်တိုင် ကျင်းပသွားမည်

မီးပုံးပျံ အလုံး(၃၀)ကျော် လွှတ်တင်မည့် တာချီလိတ်မြို့၏ ပထမဆုံး ရွှေတြိဂံဒေသ ရိုးရာမီးပုံးပျံပွဲတော် အား ရှမ်းစာပေယဉ်ကျေးမှုကွင်းအတွင်း နေ့ရောညပါ (၃)ရက်တိုင်တိုင် ကျင်းပသွားမည်
နိုဝင်ဘာ 8, 2019
By Tachileik News Agency
ပွဲတော်အတွက် နောက်ဆုံးဆွေးနွေးပွဲ ပြုလုပ်စဉ်

မြန်မာ - ထိုင်းနယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် ပထမဆုံးအဖြစ် နိုဝင်ဘာလ (၁၅) ရက်နေ့မှစတင်ကာ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်မည့် ရွှေတြိဂံဒေသ ရိုးရာမီးပုံးပျံပွဲတော်အား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နောက်ဆုံးအကြိမ် လုပ်ငန်းညှိနိုင်းအစည်းအဝေး ကို 1G1 8Hotel တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပွဲတော်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းစဉ်အလိုက် ဆပ်ကော်မတီများဖွဲ့စည်းခြင်း၊ ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေးနှင့် ပြည်တွင်း၊ ပြည်ပမှဧည့်သည်များကို ကြိုဆိုနေရာချထားပေးရေး၊ ယာဉ်များရပ်နားရန်နေရာ၊ လုံခြုံရေး၊ တိုင်းရင်းသားရိုးရာဆိုင်ခန်းများဖွင့်လှစ်နိုင်ရေးနှင့် မီးပုံးပျံပွဲကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ် တန်ဆောင်တိုင်မီးပုံးပျံပွဲကျင်းပနိုင်ရေးတွင် မီးပုံးပျံဖြစ်မြောက်ရေးအတွက် 1G1 ဟိုတယ်မှ မတည်ငွေ ထိုင်းဘတ် (၂၀၀,ဝဝဝ) မတည်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေး အသင်းအဖွဲ့များမှ နေ့လွှတ်အရုပ် မီးပုံးပျံ (၂၈)လုံး လွှတ်တင်မည်ဖြစ်ကြောင်းနှင့် ပွဲတော်ဖြစ်မြောက်ရေးအတွက် မြို့မိမြို့ဖများ နှင့် လူမှုရေးအသင်းအဖွဲ့များ အပါအဝင် စီးပွားရေးလုပ်ငန်းရှင် (၂၀) ဦးမှ ထိုင်းဘတ်ငွေ (၁၈၅,၅၀၀)ဘတ် စုပေါင်းထည့်ဝင်လှူဒါန်းကြောင်း သိရသည်။

"နယ်စပ်ဒေသဖြစ်တဲ့အတွက် အားသာချက်တွေအများကြီးရှိတယ်။ ခရီးသွားလာမှုတွေလည်း အများကြီးတိုးလာအောင် ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့က တန်ဆောင်တိုင်မီးပုံးပျံလွှတ်တဲ့ပွဲကို ဖြစ်မြောက်အောင်လုပ်မယ်ဆိုပြီး အပေါင်းအသင်းတွေ၊ ပညာရှင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ တိုင်ပင်ပြီး လုပ်တာပါ။ ထိုင်းဘက်မှာရှိတဲ့သူတွေက တစ်ချို့တွေလည်း တောင်ကြီးတန်ဆောင်တိုင်သွားရင်သွားဘူးမှာပေါ့။ အဝေးက တောင်ကြီးတန်ဆောင်တိုင်ရောက်ဖို့ မလွယ်ကူဘူးပေါ့။ နယ်စပ်ဒေသမှာလုပ်တဲ့အတွက် ထိုင်းရော၊ လာအိုရော နီးစပ်တဲ့အတွက် သွားလာဖို့က လွယ်ကူတာပေါ့။ နိုင်ငံခြားခရီးသည်လည်း အများကြီးလာမယ်လို့ ထင်ပါတယ်"ဟု ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးအောင်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အထူးအစီအစဉ်အနေဖြင့် မီးပုံးပျံတွင် ကံစမ်းမဲများပါဝင်သည့် ပံ့သကူမီးပုံးပျံ (၁) လုံးကိုလည်း လွှတ်တင်ရန် စီစဉ်ထားရှိပြီး ပွဲတော်ကာလအတွင်း၏ ညပိုင်းများတွင် ညမီးကျည် မီးပုံးပျံ(၄) လုံးလွှတ်တင်ရန်စီစဉ်ထားကြောင်းနှင့် တောင်ကြီးမြို့မှ မီးပုံးပျံအဖွဲ့များကို ဖိတ်ခေါ်ထားပြီး လာရောက်ပါက ညမီးကြီးအလုံးရေတိုးလာမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် ပထမဆုံးအဖြစ် မီးပုံးပျံပွဲတော်အား ကနဦး စီစဉ်ချိန်က တာချီလိတ်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဟု အမည်ပေးထားသော်လည်း တာချီလိတ်မြို့သည် ရွှေတြိဂံဒေသအတွင်း၌ တည်ရှိပြီး နိုင်ငံတကာက ရွှေတြိဂံဒေသ (Golden Triangle)အား သိရှိထားပြီးဖြစ်သည့်အတွက် ယခုပွဲတော်ကိုလည်း နိုင်ငံခြားသား ခရီးသွားများလည်း အလွယ်တကူသိရှိနိုင်ရန်အတွက် ရွှေတြိဂံဒေသ  ရိုးရာမီးပုံးပျံပွဲတော်ဟု အမည်ပေးထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက် 


 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net