တာချီလိတ်မြို့၏ ပထမဆုံး ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော်အတွင်း လွှတ်တင်မည့် ပံ့သကူမီးပုံးပျံတွင် ချိတ်ဆွဲရန် ပံ့သကူအလှူများ ပါဝင်နိုင် လှူဒါန်းရန်အတွက် စာရင်းပေးနိုင်

တာချီလိတ်မြို့၏ ပထမဆုံး ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော်အတွင်း လွှတ်တင်မည့် ပံ့သကူမီးပုံးပျံတွင် ချိတ်ဆွဲရန် ပံ့သကူအလှူများ ပါဝင်နိုင် လှူဒါန်းရန်အတွက် စာရင်းပေးနိုင်
နိုဝင်ဘာ 10, 2019
By Tachileik News Agency
တာချီလိတ်မြို့၏ ပထမဆုံး ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော်အတွင်း လွှတ်တင်မည့် ပံ့သကူမီးပုံးပျံတွင် ချိတ်ဆွဲရန် ပံ့သကူအလှူများ ပါဝင်နိုင် လှူဒါန်းရန်အတွက် စာရင်းပေးနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပမည့် ရွှေတြိဂံဒေသ ရိုးရာ မီးပုံးပျံပွဲတော် ဖွင့်ပွဲနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့ ညနေ(၄)နာရီတွင် ဆုမဲပေါင်း (၂၀၀)ပါဝင်မည့် ပံ့သကူမီးပုံးပျံတစ်လုံး လွှတ်တင်မည်ဖြစ်ရာ ပံ့သကူထည့်ဝင်လှူဒါန်းလိုသူများ နိုဝင်ဘာလ (၁၃)ရက်နေ့ နောက်ဆုံးထား၍ ထည့်ဝင်နိုင်မည်ဖြစ်သည်။

ပံ့သကူမီးပုံးပျံတွင် ဆုမဲများကို လေထီးဖြင့် အမြင့်ပေ (၃၀၀) ခန့်မှ လွှတ်ချနိုင်ရန် စီစဉ်ထားပြီး စာအိတ်များထဲတွင် အလှူရှင်အမည်၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊ နေရပ်လိပ်စာနှင့် လှူဒါန်းမည့် ပစ္စည်းအမည်တို့ ပါဝင်မည်ဖြစ်ပြီး ပံ့သကူရရှိသူများအနဖြင့် မိမိတို့ရရှိထားသည့် ဆုမဲလက်မှတ်ဖြင့် ဆက်သွယ် ထုတ်ယူနိုင်ကြမည်ဖြစ်သည်။

"ပိုက်ဆံကိုတော့ ကျွန်တော်တို့ လက်မခံပါဘူး။ စာအိတ်ထဲမှာပဲ ပစ္စည်းအမည်နဲ့တန်ဖိုးကို ရေးပြီးတော့ ကုမ္ပဏီဆိုလည်း ကုမ္ပဏီနာမည်နဲ့ ကျွန်တော်တို့ဆီ လာပို့လို့ရပါတယ်။ ငွေသားကို လက်မခံတာက နံပတ်(၁) ကတော့ သံသယကင်းကင်းနဲ့ ရှိစေချင်တာရယ်၊ လှူဒါန်းတဲ့ဟာတွေပေါ်မှာ စိတ်ပြတ်ပြတ်သားသား ဖြစ်စေချင်တာရယ်။ နောက်တခု ရည်ရွယ်ချက်က ငွေသားထည့်ခဲ့မယ်ဆိုရင် တခါတလေ တောထဲမှာ သွားကျတာတို့၊ သစ်ပင်မှာ သွားချိတ်တာတို့၊ လူမမြင်တဲ့နေရာတွေမှာ သွားကျတာတို့ဖြစ်ရင် အဲဒီငွေက အလ ဟဿဖြစ်သွားမှာစိုးလို့ပါ"ဟု ရွှေတြိဂံဒေသ  ရိုးရာမီးပုံးပျံပွဲတော် ဖြစ်မြောက်ရေးကော်မတီမှ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ကိုကျော်ဇော်လင်း(ကိုကြီး)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိ၌ ပံ့သကူအလှူရှင်တစ်ဦးမှ ပန်ကာအလုံး(၂၀)လှူဒါန်းရန် စာရင်းပေးထားကြောင်းနှင့် ပံ့သကူဆုမဲထည့်ဝင်လိုသူများအနဖြေင့် ဝမ်ကောင်းရပ်ကွက်၊ မဉ္ဇူလမ်း၊ အိမ်အမှတ် (၃/၁၄) သို့လည်းကောင်း၊ ဖုန်း ဝ၉ ၂၅၀၇၇၇၉၁၉ သို့ လည်းကောင်း ဆက်သွယ်နိုင်ကြမည်ဖြစ်သည်။

ရှေးယခင်က ရဟန်း၊ သံဃာတော်များသည် သင်္ကန်းအတွက် အမှိုက်ပုံများတွင်စွန့်ပစ်ထားသည့် အဝတ်များမှ ကောင်းနိုးရာရာ အဝတ်စများကောက်ယူချုပ်လုပ်ပြီး ဖန်ရေဆိုးခြုံလွှမ်းကြရာ လှူဒါန်းလိုသူများက အဝတ်အထည် ကောင်းများကို သွားရောက်ချထားပေးခြင်းဖြင့် လိုအပ်သူများ ရရှိစေရန် လှူဒါန်းခြင်းမှ အစပြုကာ မိမိတို့ လှူဒါန်းသည်ကို အများသူငါ မသိရှိစေဘဲ လိုအပ်သူရရှိစေရန် ရည်ရွယ်စွန့်ပစ်လှူဒါန်းသည့် ပံ့သကူအလှူများ လုပ်ဆောင်လာကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net