တာချီလိတ်၏ ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ဒုတိယနေ့ဆက်လက်ကျင်းပနေ

တာချီလိတ်၏ ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ဒုတိယနေ့ဆက်လက်ကျင်းပနေ
နိုဝင်ဘာ 16, 2019
By 🌸

တာချီလိတ်၏ ပထမအကြိမ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ဒုတိယနေ့ ဆက်လက်ကျင်းပနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၏ ပထမဆုံးအကြိမ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ဒုတိယနေ့အဖြစ် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့တွင် ဆက်လက်ကျင်းပနေပြီး ညနေပိုင်းအစီအစဉ်များ ည (၆)နာရီ၌ စတင်မည်ဖြစ်သည်။

မီးပုံးပျံပွဲတော်ကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းတွင် နိုဝင်ဘာလ (၁၇)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နေ့စဉ် နေ့လယ် (၂)နာရီမှစ၍ နေ့လွှတ်အရုပ်များနှင့် ညပိုင်းတွင် ညစဉ် (၆)နာရီမှစ၍ ဖျော်ဖြေရေးများနှင့် ညမီးကြီးများ လွှတ်တင်ခြင်းတို့ကို ကြည့်ရှုနိုင်ကြမည်ဖြစ်သည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် မီးပုံးပျံပွဲတော်ကို ပထမဆုံးနှစ်အဖြစ် စတင်ကျင်းပနေရာ တာချီလိတ်မှ မီးပုံးပျံပညာရှင်များအပြင် တောင်ကြီးမြို့မှ မီးပုံးပျံပညာရှင်များလည်း လာရောက်ပူးပေါင်း ဆောင်ရွက်ပေးနေကြခြင်း ဖြစ်သည်။

မီးပုံးပျံပွဲတော် ပထမနေ့ ဖွင့်ပွဲတွင် ဆုမဲပေါင်း (၂၀၀)နီးပါး ပါဝင်သည့် ပံ့သကူမီးပုံးပျံ (၁) လုံး၊ ဟိုတယ်တာချီလိတ်၊ 1G1 Hotel နှင့် မဇ္ဇျိမလူမှုကူညီရေးအသင်းတို့၏ နေ့လွှတ်အရုပ် (၃)ရုပ်၊ ကြီးမြတ်သောရွှေမြင်းကုမ္ပဏီ ညမီးကြီး (၁)လုံးနှင့် တက်ရောက်လာသူများက အပျော်တမ်း မီးပုံးပျံငယ်အလုံးပေါင်း (၂၀၀)တို့ကို လွှတ်တင်ခဲ့ကြခြင်းဖြစ်သည်။

တာချီလိတ်မြို့၏ ပထမဆအကြိမ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော်ကို ဒေသခံပြည်သူများက ကော်မတီတစ်ရပ်ဖွဲ့ကာ အများပြည်သူပူးပေါင်းပါဝင်မှုဖြင့် ကျင်းပနေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ #ဟန်စိုးထိုက်၊ #ကျော်ဇင်ဟိန်း

ဆက်စပ်သတင်းများ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net