စစ်တပ်မှ ဖမ်းဆီးထားသူများအား အမြန်ဆုံး ပြန်လွှတ်ပေးရေး  တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်းအမှတ်(၂)တံတား ထိပ်တွင် ပြည်သူများ တောင်းဆိုနေ

စစ်တပ်မှ ဖမ်းဆီးထားသူများအား အမြန်ဆုံး ပြန်လွှတ်ပေးရေး  တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်းအမှတ်(၂)တံတား ထိပ်တွင် ပြည်သူများ တောင်းဆိုနေ
ဖေဖော်ဝါရီ 20, 2021 | နိုင်ငံရေး| ရှမ်းရှေ့

စစ်တပ်မှ ဖမ်းဆီးထားသူများအား အမြန်ဆုံး ပြန်လွှတ်ပေးရေး တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား ထိပ်တွင် တာချီလိတ်မြို့နေ ပြည်သူများက ယနေ့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ညနေ(၅)နာရီခွဲအထိ အထိုင်ပြုကာ တောင်းဆိုနေလျက်ရှိသည်။ 

 တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် ပြည်သူများက ယခုလို တောင်းဆိုနေသည့်အတွက် ချစ်ကြည်ရေး အမှတ်(၂)တံတားအား ညနေ(၃)နာရီကစ၍ ကုန်တင်ယာဉ် ဖြတ်သန်းသွားလာမှုကို ဆိုင်းငံ့ထားလိုက်ပြီး ကုန်တင်ယာဉ်ကြီးအချို့ကလည်း လမ်းပေါ်တွင် စက်ချို့ယွင်းသွား၍ဟုဆိုကာ ရပ်ထားရသည်ကိုလည်း တွေ့ရသည်။



ကျွန်တော်တို့ စိတ်သဘောဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်နေတာ၊ ဘယ်သူ့ကိုမှ အကြမ်းဖက်နေတာလည်းမဟုတ်ဘူး၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပါ။ ဒါကို မတရားသဖြင့် ဖမ်းသွားတာက လုံးဝ မတရားဘူး။ ဒီနေ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပါသွားတယ်။ အခုလို ဖမ်းဆီးမှုကြောင့် ကျွန်တော်တို့ ဆန္ဒထုတ်ဖော်မှုတွေက ရပ်သွားမှာမဟုတ်ဘူး၊ အကြမ်းမဖက်ဘဲနဲ့ ဆက်ပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒထုတ်ဖော်သွားမှာပါ

ဟု ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် ဆန္ဒထုတ်ဖော်နေသည့် လူငယ်တစ်ဦးက ပြောသည်။

တာချီလိတ်နေပြည်သူများမှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖေဖော်ဝါရီလ(၅)ရက်နေ့ကတည်းက စတင်လာခြင်းဖြစ်သော်လည်း တစ်မြို့လုံးအတိုင်းအတာအဖြစ် လှုပ်ရှားမှုကို ဖေဖော်ဝါရီလ(၇)ရက်နေ့က စတင်ပြီး ယနေ့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့အထိ အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြရာတွင် စစ်တပ်၏ ဖမ်းဆီးခံရသူမှာ (၁၀)ဦးအထက်ရှိနေကြောင်း သိရသည်။

 

ကုန်တင်ကားကြီးများကလည်း လမ်းပေါ်တွင် ရပ်ထားစဉ်





ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီကလည်း ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် တောင်းဆိုထားသည်။

Tachileik News Agency