တာချီလိတ်မြို့၏ ပထမဆုံး မီးပုံးပျံပွဲတော်တွင် တောင်ကြီးမြို့မှ ပုညမီးအဖွဲ့ ပါဝင်လွှတ်တင်မည်

တာချီလိတ်မြို့၏ ပထမဆုံး မီးပုံးပျံပွဲတော်တွင် တောင်ကြီးမြို့မှ ပုညမီးအဖွဲ့ ပါဝင်လွှတ်တင်မည်
နိုဝင်ဘာ 13, 2019
By Tachileik News Agency

တာချီလိတ်မြို့၏ ပထမဆုံး မီးပုံးပျံပွဲတော်တွင် တောင်ကြီးမြို့မှ ပုညမီးအဖွဲ့ ပါဝင်လွှတ်တင်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ်ကျင်းပမည့် ရွှေတြိဂံဒေသ ရိုးရာမီးပုံးပျံပွဲတော်၌ တောင်ကြီးမြို့မှ ပုညမီးပုံးပျံအဖွဲ့က နေ့လွှတ်အရုပ်ပါဝင်လွှတ်တင်မည်ဖြစ်သည်။

မီးပုံးပျံပွဲတော်ကို ဟောင်လိတ်လမ်းဆုံအနီးရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့မှ (၁၇)ရက်နေ့အထိ သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး နေ့လွှတ်နှင့် ညမီးကြီး စိန်နားပန်များ လွှတ်တင်ကြမည်ဖြစ်သည်။

 

"နေ့လွှတ်အရုပ်ပြိုင်ပွဲမှာ ၂၀၁၆ ခုနှစ်က တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ အာဖရိကဆင်နဲ့ ပထမဆုရထားတဲ့ ပုညမီးအဖွဲ့က ကျွန်တော်တို့ တာချီလိတ်ရဲ့ ပထမဆုံးမီးပုံးပျံပွဲမှာ လွှတ်တင်ဖို့အတွက် အားဖြည့်ထားပါတယ်။ (၁၇) ရက်နေ့မှာ ကြံ့ရုပ် လွှတ်တင်မှာပေါ့။ အခြားတောင်ကြီးက မီးအဖွဲ့တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ညမီးကျည်အတွက်ပေါ့"ဟု  ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ဖြစ်မြောက်ရေးကော်မတီမှ မီးပုံးပျံ ပညာရှင် ကိုကျော်ဇော်လင်း(ကိုကြီး)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပွဲတော်ကို နိုဝင်ဘာလ (၁၅) ရက်နေ့ ညနေ (၄) နာရီ (၅) မိနစ်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ချိန်၌ ပံ့သကူမဲ အရေအတွက် (၂၀၀) တပ်ဆင်ထားသည့် ပံ့သကူမီးပုံးပျံကို လွှတ်တင်သွားမည်ဖြစ်ပြီး ညပိုင်းတွင်လည်း လာရောက်လည်ပတ်သူများအနေဖြင့် မီးပုံးပျံအသေးများ လွှတ်တင်နိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

တာချီလိတ်တန်ဆောင်တိုင် မီးပုံးပျံပွဲတွင် ပါဝင်လွှတ်တင်ရန်အတွက် နိုဝင်ဘာလ (၁၃)ရက်နေ့အထိ စာရင်းအရ နေ့လွှတ်အရုပ်(၃၀)ရုပ်နှင့် ညမီးကျည်(၄)လုံး စာရင်းရရှိထားပြီးဖြစ်သည်။

Tachileik News Agency
သတင်း -  ဟန်စိုးထိုက်

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net