မြန်မာ - ထိုင်း နယ်စပ် မိုင်းတုံ ပါချီးကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ်ဂိတ်က ငွေကြေးရယူပြီး နယ်စပ်ဖြတ်ခွင့်ပေးနေ၍ Covid-19 ကူးမည်ကို ဒေသခံများ စိုးရိမ်နေ

မြန်မာ - ထိုင်း နယ်စပ် မိုင်းတုံ ပါချီးကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ်ဂိတ်က ငွေကြေးရယူပြီး နယ်စပ်ဖြတ်ခွင့်ပေးနေ၍ Covid-19 ကူးမည်ကို ဒေသခံများ စိုးရိမ်နေ
ဇူလိုင် 10, 2021 | Covid-19| ရှမ်းရှေ့

COVID 19 တတိယလှိုင်းဖြစ်ပွားနေသည့် ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသော ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း အာဏာသိမ်းအဖွဲ့၏ စစ်တပ်ဂိတ်ရှိရာ ပါချီးတွင် စစ်တပ်က ငွေကြေးရယူပြီး   ညစဉ် ညတိုင်း ဖြတ်သန်းခွင့်ပြုထား၍ နယ်စပ်ဖြတ်သန်းနေသူ များပြားနေခြင်းကြောင့် COVID 19 ကူးစက်မည်ကို ဒေသခံများက စိုးရိမ်နေရသည်ဟု သိရသည်။

ထိုင်းဘက်က လူတွေက ညတိုင်း အဝင်အထွက်ရှိတယ်။ စစ်တပ်ဘက်က လူတွေက ပိုက်ဆံယူပြီး ပိုက်ဆံရပြီးရော ညရောက်တိုင်း ကူးခွင့်ပြုနေတယ်။ နယ်ခံတွေက စိုးရိမ်တယ်။ ဒီဘက်မှာက ဝ နဲ့ စစ်တပ် ရှိတယ်။  သူတို့ Covid-19 စစ်သလိုလို ဘာလိုလိုနဲ့ မြေပြန့်ဘက်မှာ စစ်တာရှိတယ်။ ပါချီးကတော့ စစ်တပ်ဘက်ကပဲ စစ်တာ။

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် အတည်ပြုပြောကြားသည်။

ယခင်က အဆိုပါ ဂိတ်တွင် ဖြတ်သန်းမှုများရှိနေသော်လည်း  နိုင်ငံ့အာဏာသိမ်းကာလအတွင်း စစ်တပ်က ညပိုင်းများတွင် လူဦးရေအမြောက်အများကို ဝင်ထွက်ခွင့်ပြုပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

အရင်တုန်းကလည်း ဒီလိုပဲ နယ်စပ်ဖြတ်တာရှိတယ်ဆိုပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုများတယ်။ စစ်အာဏာသိမ်းပြီးနောက်ဆို တစ်ည တစ်ညဆို အနည်းဆုံး (၃၀)၊ (၄၀) ကနေ (၇၀)၊ (၈၀) လောက်အထိ  အဝင်အထွက်တွေ ရှိကြတယ်။ ညမှ ထိုင်းဘက်ကိုဝင်၊ ထိုင်းဘက်ကထွက် လုပ်နေကြတယ်

 ဟု ၎င်းက ဆက်လက်ပြောပြသည်။

 မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ နမ့်ဟူးခွန်ကျေးရွာအုပ်စုအတွင်း ပါချီးရွာအတွင်း စစ်တပ်ဂိတ်ရှိရာကို ထိုင်းဘက်မှ နယ်စပ်ဖြတ်သန်း ဝင်ရောက်လာပါက ပါချေး၊ လမုခုန်၊ အုံလော၊ ပုံပါကျင်၊ တာကွမ်၊ နားကောင်းမူ၊ မိုင်းတုံဒေသများဘက် ဝင်ရောက်လာနိုင်ပြီး ထိုင်းနိုင်ငံဘက်ရှိ လောလဲ၊ ဝမ်လုံ၊ ဝမ်ခုံစသည့် တောမြို့များမှ တစ်ဆင့် မလုဖွမ်၊ ရှဘက်ကမ်း၊ မုဖန်၊ နောင်အုပ် စသည့်ဒေသများသို့ သွားရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။