တာချီလိတ်သို့ တရုတ်နိုင်ငံသား (၄၀)ဦးနှင့် ပါလာသည့် တရုတ်နိုင်ငံသူတစ်ဦး၏ ကိုယ်အပူအချိန်မြင့်နေမှု မစိုးရိမ်ရ

တာချီလိတ်သို့ တရုတ်နိုင်ငံသား (၄၀)ဦးနှင့် ပါလာသည့် တရုတ်နိုင်ငံသူတစ်ဦး၏ ကိုယ်အပူအချိန်မြင့်နေမှု မစိုးရိမ်ရ
ဇန်နဝါရီ 25, 2020
By Tachileik News Agency

တာချီလိတ်သို့  တရုတ်နိုင်ငံသား (၄၀)ဦးနှင့် ပါလာသည့် တရုတ်နိုင်ငံသူတစ်ဦး၏ ကိုယ်အပူအချိန်မြင့်နေမှု  မစိုးရိမ်ရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၄၀)ဦးပါ ခရီးသွားအဖွဲ့မှ ကိုယ်အပူချိန်မြင့်နေသည့် အမျိုးသမီးမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီး စိုးရိမ်ဖွယ်မရှိကြောင်း တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းထံမှ သိရသည်။

“ဒီနေ့ စစ်ဆေးချက်ကတော့ အခြေအနေကောင်းပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။ အခြေအနေ စောင့်ကြည့်တာ ကတော့ ဆက်ပြီး လုပ်သွားမှာပါ”

ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၂၅)ရက်နေ့ ညနေပိုင်းက ပြောသည်။

ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရခြင်းမရှိစေရန် အပြည်ပြည်ဆိုင်ရာဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်နေရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း နယ်စပ်ဝင်ပေါက် ထွက်ပေါက်များ၌ စောင့်ကြည့်စစ်ဆေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းသို့လုပ်ဆောင်နေစဉ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ ဝင်ရောက်လာသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ တရုတ်နိုင်ငံသား (၄၀) ဦးအဖွဲ့တွင် ကိုယ်အပူချိန်မြင့်နေသည့် အမျိုးသမီးတစ်ဦးတွေ့ခဲ့ရသဖြင့် ကျန်းမာရေးဦးစီးဌာနက စောင့်ကြည့်စစ်ဆေးခြင်းကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

စောင့်ကြည့်စစ်ဆေးမှုများအတွင်း သံသယဖြစ်ဖွယ်လူနာများ တွေ့ရှိပါက သီးခြားလူနာခန်းတွင်ထားရှိ၍ ရောဂါအတည်ပြုခြင်း၊ ကုသခြင်းလုပ်ငန်းများကို တင်းကြပ်စွာဆောင်ရွက်ရန်နှင့် အစိုးရဆေးရုံများသာမက ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများကိုပါ ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် ကော်ရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ကူးစက်ခံရခြင်းမရှိစေရန် နိုင်ငံတကာ ဝင်ပေါက်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့မှ စတင်ဆောင်ရွက်နေခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

ပုံအညွှန်း - ၂၅.၁.၂၀၂၀ ရက်နေ့တွင် တာချီလိတ်ရှိ  မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၁)၌ ခရီးသွားများအား ကျန်းမာရေးစစ်ဆေးနေစဉ်

ဆက်စပ်သတင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~