တရုတ်နိုင်ငံတွင် ဝူဟန်အဆုတ်ရောင်ရောဂါဖြင့် ဆရာဝန်တစ်ဦးသေဆုံးပြီး သေဆုံးသူ ၄၁ ဦးအထိ တိုးလာ

တရုတ်နိုင်ငံတွင် ဝူဟန်အဆုတ်ရောင်ရောဂါဖြင့် ဆရာဝန်တစ်ဦးသေဆုံးပြီး သေဆုံးသူ ၄၁ ဦးအထိ တိုးလာ
ဇန်နဝါရီ 25, 2020
By 🌸

တရုတ်နိုင်ငံတွင် ဝူဟန်အဆုတ်ရောင်ရောဂါဖြင့် ဆရာဝန်တစ်ဦးသေဆုံးပြီး သေဆုံးသူ ၄၁ ဦးအထိ တိုးလာ

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ ဟွမ်ဘေးရှင်ဟွာဆေးရုံတွင် အသက် (၆၂)နှစ်အရွယ်ဆရာဝန်တစ်ဦး ကော်ရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါဖြင့် သေဆုံးသွားပြီး သေဆုံးသူ (၄၁)ဦးနှင့် ရောဂါကူးစက်ခံထားရသူ (၁၂၈၇) ဦးအထိတိုးလာကြောင်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် တရုတ်အစိုးရက သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံတွင် ဝူဟန်အဆုတ်ရောင်ရောဂါမှာ တရုတ်နိုင်ငံတွင်း ဒေသပေါင်း (၃၀)ကျော်နှင့် နိုင်ငံအတော်များများသို့ ပျံ့နှံ့နေပြီး ရောဂါထိန်းချုပ်နိုင်ရေးအတွက် ဝူဟန်အပါအဝင် မြို့ပေါင်း (၁၃)မြို့ကို အဝင်အထွက်များ လုံးဝပိတ်ပင်ထားရခြင်းဖြစ်သည်။

ဝူဟန်အဆုတ်ရောင်ရောဂါကို အသက် (၆၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် ကနဦးတွေ့ခဲ့ရပြီး အသက်အရွယ်ကြီးသူများ၌ အများဆုံးကူးစက်ခံရသည်ကိုတွေ့ခဲ့ရသော်လည်း ဇန်နဝါရီလ (၂၄)ရက်နေ့တွင် အသက် (၃၆)နှစ်အရွယ် အမျိုးသားတစ်ဦး ရောဂါကူးစက်ခံရကြောင်း ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။

နိုင်ငံတကာ လေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်များတွင် ကိုယ်အပူချိန်တိုင်းတာပြီး ရောဂါကူးစက်ခံရခြင်း သံသယဖြစ်ဖွယ်ရှိမရှိ စစ်ဆေးနေခြင်းများကိုသာ အဓိကလုပ်ဆောင်နေခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါဖြင့် သေဆုံးသူအချို့မှာ ကိုယ်အပူချိန်မြင့်ခြင်း၊ ဖျားနာခြင်း လက္ခဏာများ လုံးဝမတွေ့ရှိရဘဲ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တရုတ်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ကာကွယ်ဆေးနှင့် တိကျသည့် ကုထုံးမရှိသေးသည့် ကော်ရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါမှာ လင်းနို့နှင့် လင်းနို့မှတစ်ဆင့် ရောဂါပိုးသယ်ဆောင်သည့် မြွေတို့မှ ကူးစက်ခံရခြင်းဖြစ်နိုင်ကြောင်း ဆေးသိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ခန့်မှန်းထားပြီး ရောဂါဖြစ်ရခြင်းအကြောင်းရင်းကို ရှာဖွေနေကြဆဲဖြစ်သည်။

ရောဂါစတင်ကူးစက်ပျံ့ပွားသည့်နေရာဟု ယုံကြည်ရသည့် ဝူဟန်မြို့ရေထွက်ပစ္စည်းနှင့် တောကောင်များရောင်းချသည့် ဈေးကို ရောဂါစတင်ကူးစက်ပျံ့ပွားချိန်ကတည်းက ပိတ်ပစ်လိုက်ပြီဖြစ်သည်။

Tachileik News Agency
Ref: CNN၊ CAN၊ The Guardian

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~