မိုင်းယောင်းမြို့ရှိ အချို့စာသင်ကျောင်းများ၌ ညပိုင်းများတွင် တစ်အိမ်တစ်ယောက် မဖြစ်မနေ အလှည့်ကျ ကင်းစောင့်ခိုင်းနေ

မိုင်းယောင်းမြို့ရှိ အချို့စာသင်ကျောင်းများ၌ ညပိုင်းများတွင် တစ်အိမ်တစ်ယောက် မဖြစ်မနေ အလှည့်ကျ ကင်းစောင့်ခိုင်းနေ
ဇွန် 3, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း၊ မိုင်းယောင်းမြို့ရှိ အခြေခံပညာကျောင်းအချို့တွင် ညပိုင်းကင်းစောင့်ရန်အတွက် တစ်အိမ်တစ်ယောက် အလှည့်ကျအဖြစ် မဖြစ်မနေကင်းစောင့်ခိုင်းနေပြီး ယနေ့ ဇွန်လ(၃)ရက်နေ့တွင် စတင်ကြောင်း သိရသည်။

မိုင်းယောင်းမြို့မှာ စစ်တပ် တပ်ရင်း (၅)ခုရှိတဲ့အတွက် ကျောင်းလုံခြုံရေး စစ်သည်အင်အား အလုံအလောက်ရှိနေတာကို ဘာကြောင့် ပြည်သူတွေကို ကျောင်းလုံခြုံရေးစောင့်ခိုင်းလဲဆိုတာ မေးခွန်းထုတ်စရာပဲ။ တခုခု ဖြစ်ရင် ပြည်သူပါ ထိခိုက်အောင်လို့လားဆိုတာမျိုးပေါ့။ မိုင်းယောင်းရဲ့ ခရိုင်မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ‌တောင် ဗုံးခဏခဏ ကွဲနေတာ ကျောင်းတွေမှာ ပြည်သူတွေကို ကင်းစောင့်ခိုင်းတာမရှိဘူးလို့ သိရတယ်။ ဒီမှာတော့ ညပိုင်း ကင်းစောင့်ခိုင်းနေပြီ

ဟု မိုင်းယောင်းဒေသခံ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၃)ရက်နေ့တွင် ပြောသည်။

မိုင်းယောင်းမြို့တွင် စစ်တပ်များ အနေဖြင့် ခမရ(၃၃၄)၊ ခမရ(၃၁၁) ခမရ(၃၃၅) ခမရ(၅၇၃) နှင့် အမြောက်တပ်တို့ရှိပြီး မိုင်းယောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ စာရင်းအရ တပ်ရင်းတပ်ဖွဲ့နှင့်တပ်မိသားစုအပါအဝင် စုစုပေါင်း (၂,၃၀၀)ကျော်ရှိနေပြီး  မိုင်းယောင်းမြို့နယ်တွင်းရှိ မိုင်းယောင်းနှင့်မိုင်းယုတို့၏ ၂၀၁၉ လူဦးရေ စာရင်းမှာ (၆၆,၉၈၀)ဦးရှိကြောင်း သိရသည်။



ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တစ်အိမ်တစ်ယောက် မဖြစ်မနေ အလှည့်ကျဖြင့် ပြည်သူများအား ကျောင်းကင်းစောင့်ခိုင်းမှုများကို  မိုင်းဆတ်၊ မိုင်းယောင်း နှင့် ကျိုင်းတုံမြို့တို့တွင် လုပ်ဆောင်နေကြောင်း သိရသည်။