တာချီလိတ်သို့ မယ်ဆိုင်ဘက်မှ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၄၀)ဦးအဖွဲ့တွင် ကိုယ်အပူချိန်မြင့်နေသူတစ်ဦးကို စစ်ဆေးတွေ့ရှိ

တာချီလိတ်သို့ မယ်ဆိုင်ဘက်မှ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၄၀)ဦးအဖွဲ့တွင် ကိုယ်အပူချိန်မြင့်နေသူတစ်ဦးကို စစ်ဆေးတွေ့ရှိ
ဇန်နဝါရီ 24, 2020
By Tachileik News Agency

တာချီလိတ်သို့ မယ်ဆိုင်ဘက်မှ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၄၀)ဦးအဖွဲ့တွင် ကိုယ်အပူချိန်မြင့်နေသူတစ်ဦးကို စစ်ဆေးတွေ့ရှိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့သို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ ဝင်ရောက်လာသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ တရုတ်နိုင်ငံသား (၄၀) ဦးအဖွဲ့မှ တစ်ဦးမှာ ကိုယ်အပူချိန်မြင့်နေသော်လည်း ဝူဟန်အဆုတ်နာရောဂါ သံသယဖြစ်ဖွယ် မရှိကြောင်းကျန်းမာရေးမှ တာဝန်ရှိသူက ပြောသည်။

 “ကျွန်တော်တို့ ကျန်းမာရေးအဖွဲ့က အဖျားတိုင်းတဲ့အခါမှာ တစ်ယောက်ကတော့ အဖျားရှိတယ်ပေါ့နော်။ အဖျားရှိတယ်ဆိုပေမဲ့ သူက နှာစေးချောင်းဆိုးလည်းမရှိဘူး။ လည်ချောင်းနာတာလည်း မရှိဘူး။ အသက်ရှုကြပ်တာလည်း မရှိဘူး။ ပြီးတော့ သူက ယူနန်ဘက်ကနေ လာအို၊ လာအိုကနေ ထိုင်းဘက်နေ ဒီဘက်ကို ဝင်လာတာဖြစ်တယ်။ ဝူဟန်ဒေသဘက်က လာတာလည်းမဟုတ်ဘူး။ အခု သူ့ကိုတော့ သူ့ရဲ့ တိုးဂိုက်နဲ့အဆက်အသွယ်ယူထားပြီး သူတည်းခိုနေထိုင်ရာကို သွားစစ်ဆေးတာ။ နောက်ရက်တွေမှာလည်း သူ့ရဲ့အခြေအနေကို စောင့်ကြည့်ဖို့တော့ စီစဉ်ထားပြီးဖြစ်ပါတယ်”

ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ခရီးသွားအဖွဲ့သည် တရုတ်နိုင်ငံ ယူနန်မြို့မှတစ်ဆင့် လာအိုနှင့် ထိုင်းနိုင်ငံတို့ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကာ တာချီလိတ်၊ နမ့်ဆန်၊ အင်းလေး၊ ပုဂံ၊ မန္တလေး၊ ရန်ကုန်၊ ဘားအံနှင့် မြဝတီလမ်းကြောင်းအတိုင်း (၁၃) ရက်ကြာ လည်ပတ်ပြီးနောက် မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာကြမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်း ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၄၀) ဦးကို အဖျားရောဂါနှင့် တုပ်ကွေးလက္ခဏာများ စောင့်ကြည့်စစ်ဆေးခြင်းကို မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ် (၁) တံတား၌ ခရိုင်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာဟန်လင်းစိုးနှင့်အဖွဲ့က ဆောင်ရွက်ရာ အမျိုးသမီးတစ်ဦးမှာ ကိုယ်အပူချိန်မြင့်တက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသူနှင့်အဖွဲ့ ဆက်လက်ထွက်ခွာရာ လမ်းကြောင်းတလျှောက်တွင် ရောဂါလက္ခဏာအခြေအနေ ထူးခြားမှုရှိ၊မရှိကို ဆက်လက်သတင်းပေးပို့စေခြင်းဖြင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတား၊ မြန်မာ - လာအိုနယ်စပ် ဝမ်ပုံဆိပ်ကမ်းနှင့် မြန်မာ - လာအိုနယ်စပ် ကျိုင်းလပ်တံတားတို့မှ ဝင်ရောက်လာသူများကို ဝူဟန်အဆုတ်နာရောဂါ သံသယဖြစ်ဖွယ်များ စောင့်ကြည့်စစ်ဆေးခြင်းအား ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~