တရုတ်နိုင်ငံ ရှန်ဇောင်းတွင် ရောဂါလက္ခဏာမပြဘဲ ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံထားရသည့် (၁၀)နှစ်အရွယ် ကလေးတစ်ဦးကို စစ်ဆေးတွေ့ရှိ

တရုတ်နိုင်ငံ ရှန်ဇောင်းတွင် ရောဂါလက္ခဏာမပြဘဲ ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံထားရသည့် (၁၀)နှစ်အရွယ် ကလေးတစ်ဦးကို စစ်ဆေးတွေ့ရှိ
ဇန်နဝါရီ 25, 2020
By Tachileik News Agency

တရုတ်နိုင်ငံ ရှန်ဇောင်းတွင် ရောဂါလက္ခဏာမပြဘဲ ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံထားရသည့် (၁၀)နှစ်အရွယ် ကလေးတစ်ဦးကို စစ်ဆေးတွေ့ရှိ

တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာ နယ်စပ်ဝင်ပေါက်များတွင် ဝူဟန်အဆုတ်ရောင်ရောဂါသံသယရှိသူကို ကိုယ်အပူချိန် တိုင်းတာခြင်းဖြင့် စစ်ဆေးနေသော်လည်း မည်သည့် ရောဂါလက္ခဏာမှ မပြဘဲ ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံထားရသူကို တွေ့ရှိကြောင်း ဟောင်ကောင်ဆရာဝန်များက သတိပေးထားသည်။

တရုတ်နိုင်ငံ ရှန်ဇောင်းမှ (၁၀) နှစ်အရွယ်ကလေးငယ်တွင် မည်သည့်ရောဂါလက္ခဏာမှ မပြဘဲ အဆုတ်တွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံထားရသည်ကို CT Scan စစ်ဆေးမှုအတွင်း တွေ့ရှိထားခြင်းဖြစ်ကြောင်း သိရသည်။

ဟောင်ကောင် ကူးစက်ရောဂါသုတေသနပညာရှင်အဖွဲ့က ရှန်ဇောင်းဆေးရုံတွင် ဇန်နဝါရီလ (၁၀)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရသူ၏ မိသားစုဝင် (၆)ဦးကို စောင့်ကြည့်စစ်ဆေးမှုအတွင်း ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့ထုတ် The Lancet ဆေးပညာဂျာနယ်တွင် ဖေါ်ပြထားခြင်းဖြစ်သည်။

အဆိုပါ မိသားစုသည် ဝူဟန်မြို့သို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့မှ ဇန်နဝါရီလ (၄)ရက်နေ့အထိ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ကလေးနှစ်ဦးရှိသည့်အနက် ခရီးသွားစဉ် တစ်ချိန်လုံး နှာခေါင်းစွပ် တပ်ထားခဲ့သည့် (၇)နှစ်အရွယ် သမီးငယ်မှာ ရောဂါကူးစက်ခံရခြင်းမရှိကြောင်း သိရသည်။

အဆိုပါ မိသားစုသည် ဝူဟန်တွင်ရှိနေစဉ်ကာလအတွင်း ရေထွက်ပစ္စည်းဈေးသို့ သွားရောက်ခြင်း မရှိသည့်အပြင် တောကောင်အသားများ စားခြင်း၊ တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမရှိကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူးကာလအတွင်း ဖြစ်ပွားနေသည့် ဝူဟန်အဆုတ်ရောင်ရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် သမ္မတရှီကျင့်ဖျင်က စစ်တပ်ဆရာဝန်ပေါင်း (၄၀၀)ကျော်ကို ရောဂါဖြစ်ပွားမှုအများဆုံး ဝူဟန်သို့ ပို့ဆောင်ထားသည့်အပြင် ဦးဆောင်အဖွဲ့တစ်ဖွဲ့ကို ဇန်နဝါရီလ (၂၅)ရက်နေ့၌ ဖွဲ့စည်းလိုက်သည်။

Tachileik News Agency
Ref: South China Morning Post

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~