ပြင်းထန်အဆုတ်ရောင်ရောဂါ ပျံ့နှံ့မှုနှင့် သေဆုံးမှုမြင့်တက်လာ၍ တရုတ်နိုင်ငံ ဝူဟန်မြို့ကို အဝင်အထွက်များ ပိတ်ပင်ထား

ပြင်းထန်အဆုတ်ရောင်ရောဂါ ပျံ့နှံ့မှုနှင့် သေဆုံးမှုမြင့်တက်လာ၍ တရုတ်နိုင်ငံ ဝူဟန်မြို့ကို အဝင်အထွက်များ ပိတ်ပင်ထား
ဇန်နဝါရီ 23, 2020
By 🌸

ပြင်းထန်အဆုတ်ရောင်ရောဂါ ပျံ့နှံ့မှုနှင့် သေဆုံးမှုမြင့်တက်လာ၍ တရုတ်နိုင်ငံ ဝူဟန်မြို့ကို အဝင်အထွက်များ ပိတ်ပင်ထား

တရုတ်နိုင်ငံ ဝူဟန်တွင်ဖြစ်ပွားနေသည့် ပြင်းထန် အဆုတ်ရောင်ရောဂါကူးစက်ခံရသူမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့ ညလယ်ပိုင်းအထိစာရင်းအရ (၅၇၁)ဦးအထိ တိုးလာကာ သေဆုံးသူမှာလည်း (၉)ဦးမှ (၁၇)ဦးအထိ တိုးလာ၍ ပြင်ပသို့ ရောဂါမကူးစက်စေရန် ဝူဟန်မြို့ကို အဝင်အထွက်များ ပိတ်လိုက်ပြီး အထူးတင်းကြပ်စွာ စောင့်ကြည့်ကုသမှုကို ဆောင်ရွက်နေပြီဖြစ်သည်။

ဝူဟန်မြို့မှ အစပြုလိုက်သည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါမှာ တရုတ်ပြည်မကြီးအပြင် ဟောင်ကောင်၊ မကာအိုနှင့် တိုင်ဝမ်အထိပါ ကူးစက်ခံရသူများရှိနေပြီး ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် တောင်ကိုရီးယားတို့တွင်လည်း အတည်ပြုလူနာများ တွေ့ရှိထားပြီဖြစ်ကြောင်း သိရသည်။

ဝူဟန်တွင် လူပေါင်း (၅၈၉၇)ဦးကို ကျန်းမာရေးဌာနက အထူးစောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ရောဂါဖြစ်ပွားသူမှ လူအချင်းချင်းကူးစက်စေသည်ဟု ယုံကြည်ရသဖြင့် ကားလမ်း၊ ရထားလမ်းနှင့် လေကြောင်း အများပြည်သူပို့ဆောင်ရေးလမ်းကြောင်းများမှတစ်ဆင့် ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရန် ယာယီပိတ်ပင်လိုက်ကြောင်း ဝူဟန်မြို့တာဝန်ရှိသူများက ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ကြေညာလိုက်ပြီ ဖြစ်သည်။

အိမ်ပြင်ပထွက်ခြင်းများကို တတ်နိုင်သမျှ ရှောင်ရှားရန်နှင့် မဖြစ်မနေထွက်ရပါက နှာခေါင်းစည်းများ တပ်ဆင်ကြရန်ကိုလည်း ကြေညာထားပြီး ဝူဟန်တွင် အစည်းအဝေးများစသည့် လူစုလူဝေးအခမ်းအနား ကျင်းပခြင်းများကိုလည်း ကန့်သတ်လိုက်သည်။

ဝူဟန်ဒေသတွင်း လာရောက်လည်ပတ်မည့်သူများနှင့် သွားရောက်လည်ပတ်မည့်သူများကိုလည်း ပိတ်ပင်လိုက်ပြီး ခရီးသွားအေဂျင်စီများအနေဖြင့် ခရီးစဉ်စီစဉ်ပေးခြင်းများကို ဖေဖေါ်ဝါရီလ (၈)ရက်နေ့အထိ ပိတ်ပင်ထားရန် ကြေညာထားသဖြင့် ခရီးစဉ်ဖျက်သိမ်းမှုများ လုပ်ဆောင်နေရကြောင်း သိရသည်။

အဆိုပါပြင်းထန်အဆုတ်ရောင်ရောဂါမှာ တောကောင်များပါ တရားမဝင်ရောင်းချနေသည့် ဝူဟန်ရေထွက်ပစ္စည်းဈေးမှ စတင်သည်ဟု ယုံကြည်ထားပြီး ရောဂါဖြစ်ပွားရသည့်အကြောင်းရင်းကို ရှာဖွေနေကြဆဲဖြစ်သည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်မှာ တောရိုင်းတိရစ္ဆာန်များ၊ မွေးမြူရေးတိရစ္ဆာန်များနှင့် လူတို့တွင် ကူးစက်ဖြစ်ပွားစေသည်ကို တွေ့ရှိထားပြီး ကာကွယ်ဆေးနှင့် ကုထုံးမရှိသေးကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~