တာချီလိတ်မြို့ ပါလျှံဘုရားကြီးကျောင်းရှေ့ထောင့်တွင် ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွား

တာချီလိတ်မြို့ ပါလျှံဘုရားကြီးကျောင်းရှေ့ထောင့်တွင် ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွား

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ပါလျှံဘုရားကြီးကျောင်းရှေ့ထောင့်တွင် ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် ဧပြီလ(၂၄)ရက်နေ့ နံနက်(၄)နာရီအချိန်က ဦးလေးအိမ်ကနေ နေအိမ်သို့ ပြန်လာပြီး တစ်ဦးတည်းဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦးကို Mask များတပ်ထားသည့် လူ(၂)ဦးက ဓါးဖြင့်ခုတ်ကာ ဆိုင်ကယ်လုယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်က ဆိုင်ကယ်နဲ့အိမ်အပြန် သူတို့ကလည်း ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်ဗျ၊ တစ်ယောက်က မောင်းပြီး တစ်ယောက်က အနောက်ကနေ ဓါးကိုင်လာတာ။ ကျွန်တော့် အနောက်ကနေ လိုက်လာမှန်း သတိမထားမိဘူး။ ဘာလို့ဆို သူတို့ကလည်း ကျွန်တော့်ကို ကျော်ပြီး မောင်းသွားတာ။ ကျွန်တော်လည်း သတိမထားမိဘူး။ ပြီးမှ သူတို့ကို ကျော်ပြီး သွားလိုက်ချိန်မှာ သူတို့က ကျွန်တော့်အနောက်ကနေ ကပ်လိုက်လာပြီး ဗန်ဒါပင်အောက် မရောက်ခင်မှာ ဓါးကိုင်လာတဲ့ သူက ဟေ့ရောင်လို့ခေါ်ပြီး ဓါးနဲလှမ်းခုတ်တာ၊ ခေါင်းကိုခုတ်တာ ကျွန်တော့်ဆံပင်နည်းနည်းရှည်တော့ ခေါင်းကို မထိဘဲ ဆံပင်ထိပြီး ဆံပင်ပဲ ထိသွားတယ်။ ဓါးနဲ့လှမ်းခုတ်လိုက်တော့ ကျွန်တော်လည်း ဆိုင်ကယ်ပေါ်က ပြုတ်ကျသွားတာပဲ။ အဲ့လို ကျသွားတော့ ဓါးနဲ့ခုတ်တဲ့ကောင်က ဆိုင်ကယ်ကို ပြန်မယူနဲ့ အော်လည်းမအော်နဲ့ ဓါးနဲ့ခုတ်မယ်လို့ ပြောတယ်။ ကျွန်တော့်ရှေ့မှာလည်း ဆိုင်ကယ်မောင်းလာတဲ့ ကောင်က ကျွန်တော့်ကို ပိတ်ကာထားတယ်။ ဓါးကိုင်ထားတဲ့ ကောင်က ကျွန်တော့်ဆိုင်ကယ်ကို ယူသွားပြီး သူတို့လာတဲ့ လမ်းအတိုင်း ပြန်မောင်းပြေးသွားကြတယ်ဗျ"ဟု ဆိုင်ကယ်လူယက်ခံရသည့် လူငယ်တစ်ဦးက Tachileik News Agency သို့ ဧပြီလ(၂၅)ရက်နေ့တွင် ပြောပြသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားသည်ကို အနီးရှိ ဈေးဆိုင်မှာ လှမ်းမြင်ရသော်လည်း လူငယ် အချင်းချင်း ရန်ဖြစ်နေသည်ဟုသာ ထင်၍ လာရောက် မကူညီခြင်းဖြစ်သည်ဟုလည်း သိရသည်။

လုယက်ခံလိုက်ရသည့် ဆိုင်ကယ် အမျိုးအစားမှာ ၂၀၂၂ခုနှစ်ထုတ် Wave 125 အနီနက်အရောင် ဖြစ်ကြောင်း နှင့် ဓါးဖြင့် ခုတ်သည့် လူ(၂)ဦးမှာ တစ်ဦးက အင်္ကျီအပြာရောင် ဝတ်ဆင်ထားပြီး ဓါးဖြင့်ခုတ်သည့် တစ်ဦးမှာ ရိုးရိုးအင်္ကျီအဖြူရောင် ဝတ်ဆင်ထားကြောင်းနှင့် ၎င်းတို့မှာ အသားမဲကာ ပိန်ပြီး အသက်(၁၈)မှ (၂၀)နှစ် ဝန်းကျင်အရွယ် လူငယ်များဖြစ်ပြီး အနက်ရောင် Mask  များ တပ်ထားကြောင်း သိရသည်။

    

"ရပ်ကွက်ရုံးကို သွားပြောတော့လည်း ဟိုရုံးလွတ်၊ ဒီရုံးလွတ်နဲ့ အဆင်မပြေဘူးဗျာ၊ ဓါးနဲ့ခုတ်ခံရတုန်းက ဆံပင်ပြတ်သွားတဲ့နေရာနားကို ထိရင်တော့ ခုထိနာနေတယ်။ ဖြစ်တုန်းက ဘေးက လူတွေကို အော်ခေါ်မို့ပဲ မအော်နဲ့ ဓါးနဲ့ခုတ်မယ်လို့ ပြောတယ်။"ဟု ၎င်းက ပြောပြသည်။

တာချီလိတ်မြို့တွင် ဓါးရှည်များ ကိုင်ဆောင်ကာ အုပ်စုဖွဲ့ပြီး အသက်အန္တရာယ်ခြိမ်းခြောက်၍ လုယက်သည့် ဖြစ်စဉ်များမှာ နေ့စဉ် နေ့ရော ညပါ ဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာများက ဖမ်းဆီးအရေးယူရဲခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။

"တာချီလိတ်ရဲတွေ လောင်းကစားလုပ်ငန်းနဲ့ Club တွေကနေ  ငွေရဖို့ တခုတည်းမကြည့်ဘဲ အခုလို ဖြစ်နေတာတွေနဲ့ပတ်သက်ပြီး အမှုဖွင့်သည်ဖြစ်စေ၊ အမှု မဖွင့်သည်ဖြစ်စေ ဒေသခံတွေအတွက် အလုပ်တွေ လုပ်စေချင်တယ်။ အရင်က ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးတင်ဇော်ထွန်း နဲ့ ခရိုင်ရဲမင်းကြီး ဒုရဲမှူးကြီး ရဲနိုင်အောင်တို့ လက်ထက်တုန်းကဆိုရင် ရက်(၉၀) ကျားမင်းစီမံချက် ဆိုပြီး လမ်းထိပ်တွေနဲ့ မှုခင်းဖြစ်ပွားမှု အများဆုံးနေရာတွေမှာ ကင်းတဲတွေထားတာ ရဲ(၁)ယောက်(၂)ယောက် အမြဲစောင့်တာမျိုးတွေ လုပ်လိုက်တာ မှုခင်းအတော်နည်းပါးခဲ့တယ်။ ဒေသခံတွေကိုလည်း အဲ့ဒီ ရဲတွေကို စားစရာတွေ သွားလှူကြတဲ့အထိ ရှိလာခဲ့တယ်။ အခုလည်း အဲ့လို စီမံချက်နဲ့သာ လုပ်လိုက်ရင် ခိုးဆိုးလုယက်တွေ လျော့ပါးသွားနိုင်တယ်"ဟု တာချီလိတ်မြို့မိမြို့ဖ တစ်ဦးက Tachileik News Agency သို့ ပြောသည်။



တာချီလိတ်မြို့တွင် မှုခင်းလျော့နည်း ပပျောက်ရေးအတွက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီးတင်ဇော်ထွန်း နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင်တို့ ဦးဆောင်ပြီး ၂၀၂၀ခုနှစ် ဖေဖော်ဝါလအတွင်းက စတင်ကာ ရက်(၉၀) ကျားမင်းစီမံချက် လုပ်ဆောင်ကာ အဓိက နေရာများနှင့် မှုခင်းဖြစ်နိုင်ချေရှိသည့်နေရာများတွင်  Police Box များ ထားကြည့်ကာ စောင်ကြည့် စီမံချက်များ လုပ်ဆောင်ခဲ့ကြသည်။ 

 

 

ဆက်စပ်ဖြစ်စဉ်များ