တာချီလိတ်မြို့ ငွေစေတီတောင် အတက်လမ်းတွင် ဓါးများကိုင်ဆောင်ထားသည့် လူ(၃)ဦးက ဓါးပြတိုက်ကာ ဆိုင်ကယ် လု

တာချီလိတ်မြို့ ငွေစေတီတောင် အတက်လမ်းတွင် ဓါးများကိုင်ဆောင်ထားသည့် လူ(၃)ဦးက ဓါးပြတိုက်ကာ ဆိုင်ကယ် လု

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်း ငွေစေတီတောင်တက် ကားလမ်းတွင် ဓါးရှည်များကိုင်ဆောင်ထားသည့် လူတစ်စုက အသက်အန္တရာယ်ခြိမ်းခြောက်ပြီး ဓါးပြတိုက် ဆိုင်ကယ် လုယူသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"မနေ့ ညနေ (၅)နာရီခွဲလောက်က ငွေစေတီတောင်ပေါ်မှာ လူ(၃)သုံးယောက် ဓါးရှည်၊ဓါးတိုနဲ့ ထောက်ပြီး ဆိုင်ကယ်လုသွားတယ်"ဟု ကာယကံရှင်နှင့် နီးစပ်သူ တစ်ဦးက Tachileik News Agency သို့ ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၄)ရက်နေ့တွင် ပြောသည်။

အဆိုပါ ဖြစ်စဉ်သည် ၂၀၂၃ခုနှစ ဧပြီလ(၂၃)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခြင်းဖြစ်ပြီး ဆိုင်ကယ်မောင်းလာသူ အမျိုးသား(လူငယ်)တစ်ဦးကို ဓါးများကိုင်ဆောင်ထားသည့် လူ(၃)ဦးက ဓါးထောက်ပြီး ဓါးပြတိုက် လုရာ၊ ဆိုင်ကယ်ကို လွယ်လွယ်နှင့်မပေး၍ ဆိုင်ကယ်ပိုင်ရှင်မှာ လက်သီးနှင့်ထိုးခံရသည်ဟုလည်း သိရသည်။

၎င်းတို့ လုယူသွားသည့် ဆိုင်ကယ်အမျိုးအစားမှာ ၂၀၁၂ခုနှစ်ထုတ် Wave 125 ခရမ်းပြာ ဆိုင်ကယ် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လူတစ်စုမှ ဂိုဏ်းများဖွဲ့ကာ ဓါးရှည်၊ ဓါးတိုများ ကိုင်ဆောင်ပြီး ဆိုင်ကယ် လုယက်နေသည့် ဖြစ်စဉ်များ နေ့ရော ညပါ ဖြစ်ပွားနေသော်လည်း တာချီလိတ်မြို့ရဲတပ်ဖွဲ့က ၎င်းတို့အား လာရောက်အမှုဖွင့် တိုင်ကြားခြင်းမရှိ၍ မဖမ်းဆီးခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထဲက သိရသည်။

တာချီလိတ်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်သူများက စစ်တပ်နှင့်ရဲက ဖမ်းဆီးသော်လည်း ဒေသခံ ပြည်သူများအပေါ် နေ့ရော ညပါ နေ့စဉ် ခိုးဆိုးလုယက်မှု ကျူးလွန်းနေသူများကိုတော့ တာချီလိတ်တပ်နယ် နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခြင်းမရှိပေ။