တာချီလိတ်မြို့ပေါ် အထက(တာချီလိတ်)ကျောင်းရှေ့တွင် ဆိုင်ကယ်စီးပြီး အုပ်စုဖွဲ့ လုယက်မှုခံရမှုကြောင့် ဆိုင်ကယ်ပေါ်က ပြုတ်ကျသည့် အမျိုးသမီး ဒဏ်ရာရ

တာချီလိတ်မြို့ပေါ် အထက(တာချီလိတ်)ကျောင်းရှေ့တွင် ဆိုင်ကယ်စီးပြီး အုပ်စုဖွဲ့ လုယက်မှုခံရမှုကြောင့် ဆိုင်ကယ်ပေါ်က ပြုတ်ကျသည့် အမျိုးသမီး ဒဏ်ရာရ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ပေါ် မကာဟိုခမ်းရပ်ကွက်အပိုင်း အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)ရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးထံက ပိုက်ဆံအိတ်ဆွဲလုယူမှု ဖြစ်ပွားရာမှ အမျိုးသမီးမှာ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် ဧပြီလ(၂၃)ရက်နေ့ ည(၁၁)နာရီဝန်းကျင်အချိန်က အထက(တာချီလိတ်)ကျောင်းရှေ့တွင် ညီအစ်မနှစ်ဦး စီးလာသည့် ဆိုင်ကယ်အနောက်ကနေ အမျိုးသား(၂)ဦးမှ ဆိုင်ကယ်ဖြင့် လိုက်လာပြီး လွယ်ထားသည့် အိတ်ကို လုယူရမှာ ပြန်လည်အတင်းဆွဲလုလိုက်ရာ လူပါပြုတ်ကျသွားပြီး ဒဏ်ရာရရှိခြင်း ဖြစ်ကြောင်း သိရသည်။

"ညီမတို့ ဆိုင်ကယ်မောင်းနေတာ နောက်ကနေ ဆိုင်ကယ်မောင်းလာပြီး အိတ်လာဆွဲသွားတာ အိတ်ကို ညီမသေချာဆွဲထားတယ် လာမလုခင်ကတည်းက သေချာကိုင်ထားတော့ အိတ်ဆွဲလိုက်တာ လူပါဆိုင်ကယ်ပေါ်ကနေ ပြုတ်ကြသွားတယ်"ဟု ကာယကံရှင်အမျိုးသမီးက Tachileik News Agency သို့ ဧပြီလ(၂၄)ရက်နေ့တွင် ပြန်လည်ပြောပြသည်။

ဆိုင်ကယ်စီးပြီး လုယက်သူ (၂)ဦးမှ လူငယ်များဖြစ်ကြပြီး Mask များတပ်ဆင်ထားကြ၍ ၎င်းတို့ကို မမှတ်မိကြောင်း သိရသည်။

"လူကျသွားပြီး ညီမ အော်လိုက်လို့ သူတို့ မောင်းပြေးသွားကြတယ်။ ဘာပစ္စည်းမှတော့ မပါသွားဘူး။ အခုလို ဖြစ်တာကို မြင်တဲ့ ဘေးက သွားသွားလာလာ လူတွေကလည်း မကူညီကြဘူး။ သူတို့ကို ကြည့်ရတာ (၂)ယောက်တည်း မဟုတ်လောက်ဘူး။ ကျောင်းရှေ့မှာ (၃)ယောက် နှစ်စီး စောင့်နေတာတွေ့တယ်"ဟု ၎င်းက ပြောသည်။



လုယက်မှုကြောင့် အတင်းရုန်းကန်ဆွဲလုရာမှ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး လက်နှင့်ခြေထောက်တို့မှာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသည့်နေရာများတွင် အတွင်းဒဏ်ရာသဖွယ် နာကျင်သည့် ဝေဒနာကို ခံစားရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အသက်အန္တရာယ်ခြိမ်းခြောက်ကာ လုယက်မှုအဖြစ် ၂၀၂၃ခုနှစ် မတ်လ(၃)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်ကလည်း တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ငွေစေတီ တောင်အတက်လမ်းတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးထံက ဓါးများကိုင်ဆောင်ထားသည့် လူ(၃)ဦးသည် ဓါးဖြင့် ထောက်ပြီး ဆိုင်ကယ်၊ ဖုန်း နှင့်ပိုက်ဆံအိတ်များ လုယူ ဓါးပြတိုက်သွားသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

ယခုလို ဖြစ်စဉ်မျိုး တာချီလိတ်မြို့တွင် နေ့စဉ် နေ့ညမရွေး ဖြစ်ပွားနေသော်လည်း တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရမိခြင်းများ မရှိသည့်အပြင် တားဆီးနှိမ်နင်းနိုင်ခြင်းလည်း မရှိ၍ ဒေသခံများ၏ ပြစ်တင်ဝေဖန်မှုများကို နေ့စဉ်ကြားနေရသည်။

"စစ်အာဏာသိမ်းခံရတုန်းက တာချီလိတ်မှာ ဖောက်ခွဲမှုတွေဖြစ်၊ ဆန္ဒပြပွဲတွေဖြစ်တော့ အေးချမ်းတဲ့ ငါတို့မြို့လေး အရောင်မဆိုးနဲ့ ဘာညာဆိုပြီး ပြောကြတယ်။ အခုလို တာချီလိတ်မြို့မှာ နေ့တိုင်း ခိုးဆိုးလုယက်မှုတွေ ဖြစ်လာတော့ အဲ့ဒီအသံတွေ ပျောက်သွားကြတယ်။ ဘယ်ချောင်ရောက်နေကြလဲမသိဘူး၊ ဒီလိုမျိုး မြို့မှာ ဖြစ်နေတာကို ဘယ်သူမှ အသံမထွက်ရဲဘူး။ ရဲကလည်း စရဖကို ကြောက်ပြီး ဘာမှမလုပ်ရဲဘူး။ စရဖကလည်း စစ်တပ်ကို ဆန့်ကျင်သူပဲ ဖမ်းတာ။ ဒီလို ခိုးဆိုးလုယက်တွေတော့ လွတ်ပေးထားတယ်။ တကယ်ကို မဖြစ်သင့်ဘူး။ ဒေသခံတွေအတွက် မလုံံခြုံတော့သလို ဖြစ်နေတယ်။ ကျွန်တော် ဒီမှာ နေတာ (၃၀)နှစ်ကျော်ပြီး အခုလို ဆက်တိုက်ဖြစ်တာတွေ အထိန်းကွပ်မဲ့တာတွေ မကြုံဖူးဘူး။ မြို့အတော် နာနေပြီ"ဟု တာချီလိတ်ဒေသခံဖြစ်သည့် ဦးညွှန့်စိန်က ပြောသည်။

တာချီလိတ်မြို့တွင် အသက်အန္တရာယ်ခြိမ်းခြောက်ပြီး လုယက် ဓါးပြတိုက်မှုများအဖြစ် ဧပြီလအတွင်း၌ ရီဂျီနားဂေါက်ကွင်းသွားလမ်း၊ ပုံလို့သွားလမ်း နှင့် 1G1 ဟိုတယ် သွားလမ်း၊ ဝမ်ကောင်းရပ်ကွက်အတွင်း ရတနာလမ်းသွယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်းနှင့် ဖြစ်စဉ်များတွင် တရားခံများမှာ ဓါးရှည်များ ကိုင်ဆောင်ထားသူများ ဖြစ်ကြောင်း သိရသည်။

 .

ဆက်စပ်ဖြစ်စဉ်များ