လူ(၂၈)ဦး လိုက်ပါလာသည့် ကူးတို့စက်လှေတစ်စီး နစ်မြုပ်သွားရာမှ (၃)ဦးသေဆုံးပြီး (၂)ဦးပျောက်နေ

လူ(၂၈)ဦး လိုက်ပါလာသည့် ကူးတို့စက်လှေတစ်စီး နစ်မြုပ်သွားရာမှ (၃)ဦးသေဆုံးပြီး (၂)ဦးပျောက်နေ
မတ် 8, 2020
By Tachileik News Agency
လူ(၂၈)ဦး လိုက်ပါလာသည့် ကူးတို့စက်လှေတစ်စီး နစ်မြုပ်သွားရာမှ (၃)ဦးသေဆုံးပြီး (၂)ဦးပျောက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရေငန်ကျေးရွာအုပ်စုတွင် လူ(၂၈)ဦးလိုက်ပါလာသည့် ကူးတို့စက်လှေတစ်စီး နစ်မြုပ်သွားရာမှ (၃)ဦးသေဆုံးပြီး (၂)ဦးပျောက်နေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၀ခုနှစ် မတ်လ(၇)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်က မြောင်းမြမြို့နယ်အတွင်း ဘုရားကြီးကျေးရွာအနီးရှိ မြို့ဟောင်းချောင်း ကူးတို့ဆိပ်တွင် ဘုရားကြီးဘက်မှ ကြွက်နွယ်ချောင်းကျေးရွာဘက်သို့ သွားရောက်ရန် ထွက်ခွာစဉ် ဝန်အားနှင့်မမျှ၍ ဟန်ချက်ပျက်ကာ နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

နစ်မြုပ်သွားမှုကြောင့် ကူးတို့စက်လှေပေါ်တွင် လိုက်ပါလာသူ အမျိုးသား (၁၇)ဦး နှင့် အမျိုးသား(၁၁)ဦး စုစုပေါင်း (၂၈)ဦးတွင် (၂၃)ဦးအား အချိန်မီကယ်ဆယ်လိုက်နိုင်သော်လည်း (၅)ဦးမှာ ရေထဲ နစ်မြုပ်ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း သိသည်။

ပူးပေါင်း ကယ်ဆယ်ရေးအဖွဲ့က ရေထဲ နစ်မြုပ်သွားသည့် (၅)ဦးအား လိုက်လံရှာဖွေရာ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်တွင် ကြွက်နွယ်ချောင်းကျေးရွာ၏ အနောက်စုဆိပ်ကမ်းအနီး အမျိုးသမီး(၃)ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိရ၍ မြောင်းမြမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ရေနစ်မြုပ်ပြီး ရှာမတွေ့သည့် ကျန်ရှိသည့် အမျိုးသား(၂)ဦးအား ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး စက်လှေမောင်းသူ ဦးမန်းသာအေး(ခ) မန်းစပေါ့အား မြောင်းမြို့မရဲစခန်းတွင် (ပ)၂၀၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀/ ၃၀၄-က (ရေယာဉ် ပေါ့လျော့စွာ မောင်းနှင်မှု၊ ပေါ့လျော့မှုကြောင့် လူသေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 Tachileik News Agency
ဓါတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~