တာချီလိတ်မြို့ ရီဂျီနားဂေါက်ကွင်းလမ်းတွင်း လူငယ်(၄)ဦးကို ဓါးရှည်ကိုင်ဆောင်ထားသည့် လူ(၃)ဦးက ဓါးပြတိုက်

တာချီလိတ်မြို့ ရီဂျီနားဂေါက်ကွင်းလမ်းတွင်း လူငယ်(၄)ဦးကို ဓါးရှည်ကိုင်ဆောင်ထားသည့် လူ(၃)ဦးက ဓါးပြတိုက်

 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အပိုင်း၊ ရီဂျီနားဂေါက်ကွင်းလမ်းတွင် ဓါးရှည်ကိုင်ထားသည့် လူတစ်စုက အသက်အန္တရာယ်ခြိမ်းခြောက်ကာ ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဧပြီလ(၁၉)ရက်နေ့ ည(၉)နာရီဝန်းကျင်အချိန်က ဂေါက်ကွင်းလမ်းတွင် အမျိုးသမီး(၃)ဦး နှင့် အမျိုးသား(၁)ဦး စုစုပေါင်း လူငယ်(၄)ဦးအား ဓါးရှည်ကိုင်ဆောင်ထားသည့် အမျိုးသား(၃)ဦးက အသက်အန္တရာယ်ခြိမ်းခြောက်ကာ ဖုန်းများ ယူဆောင်သွားကြောင်း သိရသည်။

"မနေ့ည (၉)နာရီအချိန်က ဂေါက်ကွင်းမှာ ဓါးရှည်ကိုင်ပြီး ဓါးပြတိုက်ခံရတယ်။ မိန်းကလေး(၃)ယောက် ယောကျာ်းလေး(၁)ယောက်ဆီကပါ ဖုန်းမပေးရင် ဓါးနဲ့ခုတ်မယ်ပြောလို့ ဖုန်း(၄)လုံး ပေးလိုက်ရတယ်"ဟု ကာယကံရှင် နီးစပ်သူ တစ်ဦးက  Tachileik News Agency သို့ ဧပြီလ(၂၀)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း  ခိုးဆိုးလုယက်မှုများမှ နေ့စဉ် နေ့ရောညပါ ဖြစ်ပွားလာနေသော်လည်း ဖမ်းဆီးနိုင်စွမ်းမရှိကြခြင်းများနှင့်ပတ်သက်၍ ဒေသခံ လူငယ်တစ်ဦးက ဝေဖန်လိုက်သည်။

"စစ်တပ်က အာဏာသိမ်းတုန်းက ဆန့်ကျင်သူတွေကို ရအောင်ဖမ်းတယ်။ အခု တာချီလိတ်မြို့မှာ ဒုစရိုက်မှုတွေ နေ့စဉ်ဖြစ်နေတာကိုတော့ စစ်တပ်ကလည်း ရအောင် မဖမ်းပေးနိုင်ဘူးလား။ မဖမ်းပေးနိုင်ရင်တော့ ဒါက သက်သက် လွတ်ထားပေးတာလို့ ပြောလို့ရမဲ့ အနေအထားပဲဗျ"ဟု ဆိုင်ကယ်ခိုးခံရသည့် လူငယ်တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် သိသိသာသာအနေဖြင့် ၂၀၂၂ခုနှစ်နောက်ပိုင်း ဓါးရှည်များကိုင်ဆောင်ပြီး ညပိုင်း တွင် ဓါးဖြင့်လှမ်းခုတ်၍ လုယက်ခြင်း ဓါးပြတိုက်သဏ္ဌာန် ဓါးဖြင့် ထောက်၍ ပိုက်ဆံ၊ ဆိုင်ကယ်၊ ဖုန်း အတင်းလုယက်ခြင်း နှင့် တောင်းယူသွားခြင်းများ ဖြစ်ပွားနေသော်လည်း တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရမိခြင်းမရှိ၍ နေ့စဉ်နီးပါး ဒုစရိုက်မှုများ အဖြစ်များလာနေကြောင်း ဒေသခံများထံက သိရသည်။