တာချီလိတ်မြို့ ရီဂျီနားဂေါက်ကွင်းအနီးတွင် တစ်ညအတွင်း ဓါးရှည်ဖြင့် ခုတ်ပြီး ဆိုင်ကယ် လုယက်မှု (၂)ကြိမ် ဖြစ်ပွား

တာချီလိတ်မြို့ ရီဂျီနားဂေါက်ကွင်းအနီးတွင် တစ်ညအတွင်း ဓါးရှည်ဖြင့် ခုတ်ပြီး ဆိုင်ကယ် လုယက်မှု (၂)ကြိမ် ဖြစ်ပွား

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ - ထိုင်းနယ်စပ်  တာချီလိတ်မြို့ပေါ် ဆန်ဆိုင်း (ခ)ရပ်ကွက်အပိုင်း ရီဂျီနားဂေါက်ကွင်းလမ်းတွင် ၂၀၂၃ ခုနှစ် ဧပြီလ (၂၀)ရက်နေ့ ညပိုင်းက တစ်ညအတွင်း ဓါးဖြင့်ခုတ်၍ ဆိုင်ကယ်လုမှု (၂)မှု ဖြစ်ပွားကြောင်း သိရသည်။

“ကျွန်တော်တို့ ဆိုင်ကယ်ကို တားတယ်။ ကျွန်တော့်သူငယ်ချင်းက အစ်ကိုတို့ အဲလိုမလုပ်ပါနဲ့လို့ ပြောတာာကို ဆဲဆိုပြီး တစ်ယောက်က ဓါးရှည်နဲ့ဝင်ခုတ်တယ်။ သူငယ်ချင်းက ငုံ့ရှောင်လိုက်လို့ လွတ်သွားတာ။ အနောက်က သူငယ်ချင်းတွေ ဆိုင်ကယ်နဲ့လိုက်လာတာကြောင့် ထွက်ပြေးသွားကြတာ။”ဟု ဆိုင်ကယ်လုခံရသည့် လူငယ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ရီဂျီးနားဂေါက်ကွင်းအနီးတွင် ဧပြီလ (၂၀) ရက်နေ့ည (၉)နာရီဝန်းကျင်က လူ (၃)ဦးအဖွဲ့က ဆိုင်ကယ်လုယူမှုဖြစ်ပွားခဲ့ပြီး ည(၁၁)နာရီဝန်းကျင်တွင် ထပ်မံ၍ လုယူခံရခြင်းဖြစ်ကြောင်း သိရသည်။

“လူ (၃)ယောက်အဖွဲ့က 110 ဆိုင်ကယ် နှစ်စီးနဲ့။ တစ်ယောက်က အင်္ကျီအဖြူဝတ်ထားတယ်။ နှစ်ယောက်က အင်္ကျီအမည်းဝတ်ထားတယ်။ ကျွန်တော်တို့ကို လုသလိုပဲ တခြားသူတွေလည်း အလုခံရမှာစိုးတယ်”ဟု ဆိုင်ကယ်လုခံရသည့် လူငယ်က ဆိုသည်။

အဆိုပါ ဂေါက်ကွင်းအနီးတွင် ဧပြီလ (၁၉)ရက်နေ့ ည (၉)နာရီဝန်းကျင်ကလည်း လူငယ် (၄)ဦးအဖွဲ့ကို အမျိုးသား (၃)ဦးပါသည့်အဖွဲ့က ဓါးဖြင့်ခြိမ်းခြောက်ကာ ဖုန်းများကို လုယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

"တာချီလိတ်မှာ နေ့စဉ်ဖြစ်နေတဲ့ ခိုးမှုတွေ၊ လုယက်မှုတွေကို နေပြည်တော်တို့၊ ပြည်နယ်တို့က ရဲတွေလာပြီး ဖမ်းဆီး နှိမ်နှင်းစေချင်တယ်။ အခု အခြေအနေက တရက်ထက် တရက်ပိုပိုဆိုးလာနေတယ်"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်တွင်းနေသူ တစ်ဦးက ပြောသည်။

အသက်အန္တရာယ်ခြိမ်းခြောက်ပြီး လုယက်မှုအထိ နေ့စဉ်ဖြစ်ပွားလေ့ရှိသည့် ရီဂျီးနားဂေါက်ကွင်းလမ်း၏ တဖက်တွင် ရဲတပ်ဖွဲ့က လစဉ် ငွေကြေးရယူကာ ခွင့်ပြုပေးထားသည့် သက်ကယ်တဲဟု လူသိများသည့်နေရာ အပါအဝင် လောင်းကစားဂိမ်းခုံများရှိနေပြီး အချို့လောင်းကစားဂိမ်းခုံများတွင် မူးယစ်ဆေးဝါးများရရှိနေသည်ဟု ဝမ်မိုင်ရွာအတွင်းနေသူများထံက သိရသည်။

ယခင်ကတည်းက ဆိုင်ကယ်ခိုးမှု  မကြာခဏဖြစ်ပွားနေသည့် တာချီလိတ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကား၊ ဆိုင်ကယ်ခိုးမှုများ၊ ဓါးဖြင့်ခုတ်၍ လုယူမှုများအပြင် အခြားမှုခင်းများစွာ နေ့စဉ် တိုး၍ဖြစ်ပွားလာခြင်းဖြစ်သည်။