တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်ရှိ စက်ရုံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာလုပ်သားများထံမှ ဖုန်းနှင့်ငွေကြေးများကို ရဲက သိမ်းဆည်းထား

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်ရှိ စက်ရုံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာလုပ်သားများထံမှ ဖုန်းနှင့်ငွေကြေးများကို ရဲက သိမ်းဆည်းထား
By Tachileik News Agency

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ်၊ ဝေ့ဟိုင်ခရိုင်၊ ဝမ်တင်းမြို့ရှိ ဂျပန်သို့ ပင်လယ်စာ အသင့်စား ထုတ်ကုန်တင်ပို့နေသည့်စက်ရုံတစ်ခုတွင် ထိန်းသိမ်းခံထားရသည့် ရာနှင့်ချီသော မြန်မာအလုပ်သမားများ၏ ဖုန်းများနှင့်ငွေကြေးများကို ရဲကသိမ်းဆည်းထားသည်ဟု သိရသည်။

တစ်ချို့ဆို အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အိမ်ကို ပိုက်ဆံပို့ရတာ အဆင်မပြေလို့ စုထားရတာတွေရှိတယ်။ ဘဏ်တွေက ပိုက်ဆံထုတ်ရတာ အဆင်မပြေတော့ မပို့ဘဲ ထားထားတာတွေပါ သိမ်းခံရတာ။ တစ်ချို့ မင်းတပ်ဘက်ကလူတွေဆို အခြေအနေကောင်းရင် ပြန်မယ်ဆိုပြီး စုထားတာတွေ ရဲတွေက အကုန်သိမ်းသွားတယ်။ ဖုန်းတွေကို ရဲတွေက သူတို့စိတ်ကြိုက် ကောင်းတဲ့ဖုန်းဆို အကုန်ယူသွားတယ်။ မကောင်းတဲ့ဖုန်းတွေတော့ ကုမ္ပဏီမှာ သိမ်းထားခဲ့တယ်။

ဟု မြန်မာလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းကဲ့သို့ ရဲကဖမ်းဆီးပြီး သိမ်းဆည်းထားသည့်ကိစ္စကို မြန်မာသံရုံး (ပေကျင်း)ကလည်း သိရှိထားပြီး ကုမ္ပဏီရှိ ရာနှင့်ချီသော တရားမဝင်မြန်မာလုပ်သားများကို COVID 19 ကာလအတွင်း ရဲစခန်း၌ ထိန်းသိမ်းရန်အခက်အခဲရှိသဖြင့် စက်ရုံတွင်ပင်ဆက်လက်ထားရှိ ထိန်းသိမ်းထားစဉ်ကာလအတွင်း ပြင်ပနှင့်ချိတ်ဆက် ထွက်မပြေးရန် ဖုန်းများကို ထိန်းသိမ်းထားရခြင်းဖြစ်သည်ဟု ဝမ်တင်းမြို့ ရဲတပ်ဖွဲ့က အကြောင်းပြန်ထားကြောင်း ၂၀၂၁ ခုနှစ်  ဩဂုတ်လ (၂၆) ရက်နေ့၌ မြန်မာသံရုံး (ပေကျင်း)မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြန်လည်ဖြေကြားထားသည်။

ယင်းကဲ့သို့ ဖုန်းများ သိမ်းဆည်းခံထားရသဖြင့် မိသားစုများနှင့် အဆက်အသွယ် ပြတ်တောက်နေသည့် မြန်မာလုပ်သားများမှ အချို့ကို မိသားစုနှင့် ဆက်သွယ်ခွင့်ရရန် သံရုံးက ဩဂုတ်လ (၂၇) ရက်နေ့တွင် ချိတ်ဆက်ပေးသည်ဟုဆိုသော်လည်း မိသားစုဝင်များအနေဖြင့် ပြောခွင့်မရခဲ့ကြကြောင်း သိရသည်။

ဆန်းတုန်းပြည်နယ်၊ ဝေ့ဟိုင်ခရိုင်၊ ဝမ်တင်းမြို့ရှိ SHANDONG TAI’AI CATERING MANAGEMENT Company Ltd ဆိုင်းဘုတ်တပ်ထားသည့်ခြံဝန်းအတွင်းရှိ မြန်မာလုပ်သားများအခေါ် နန်းရှီးစက်ရုံတွင် ရဲကထိန်းသိမ်းထားသည်ဟုဆိုသည့် ရာနှင့်ချီသော မြန်မာလုပ်သားများကို နေရပ်ပြန်ပို့ရေးအတွက် ရဲကစီစဉ်နေပြီး နှစ်ပတ်အတွင်း ပြန်ပို့ပေးမည်ဟု ဇူလိုင်လကတည်းက ပြောကြားထားသည်ဟု သိရသည်။

 အဆိုပါ တရားမဝင် မြန်မာလုပ်သားများမှာ ဇွန်လကတည်းက အဆိုပါစက်ရုံတွင် ရဲကဖမ်းဆီးထိန်းသိမ်းခံထားကြရခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ