သီရိလင်္ကာတွင် ညပိုင်းဆူပူအုံကြွမှုအတွင်း ဆန္ဒပြလူအုပ်စုက အာဏာရပါတီမှ  နိုင်ငံရေးသမားများ၏ နေအိမ်တွေကို မီးရှို့ခဲ့

သီရိလင်္ကာတွင် ညပိုင်းဆူပူအုံကြွမှုအတွင်း ဆန္ဒပြလူအုပ်စုက အာဏာရပါတီမှ  နိုင်ငံရေးသမားများ၏ နေအိမ်တွေကို မီးရှို့ခဲ့
By Mr John

 

သီရိလင်္ကာနိုင်ငံတွင် ဒေါသထွက်နေသည့် ဆန္ဒပြလူအုပ်စုက မေလ (၉) ရက် ညပိုင်း ဆူပူအုံကြွမှုအတွင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး၏ နေအိမ်အပါအဝင် အာဏာရပါတီမှ နိုင်ငံရေးသမားများ၏ နေအိမ်များကို မီးရှို့ခဲ့ကြပြီး ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်သွားသည့် Mahinda Rajapaksa ၏ နေအိမ်ကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့ကြသည်။ 

အစိုးရထောက်ခံသူတွေနှင့် အကြမ်းဖက် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြ ဆူပူအုံကြွသူတွေက  Mahinda ၏ နေအိမ်ကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့ပြီး သီရိလင်္ကာအစိုးရခေါင်းဆောင်များ၏ နေအိမ်များကို မီးရှို့ခဲ့ကြခြင်း ဖြစ်သည်။



စီးပွားရေးအကျပ်အတည်း ဖြစ်နေမှုကို အစိုးရက ကိုင်တွယ်ဆောင်မှုအပေါ် ဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်နေခဲ့ပြီး သီရိလင်္ကာမြို့တော် ကိုလံဘိုမြို့တွင် မေလ (၉) ရက်နေ့က ဆန္ဒပြမှုများအတွင်း အာဏာရပါတီ ထောက်ခံသူများနှင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကြား အကြမ်းဖက် ထပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ပြီးနောက် တစ်နိုင်ငံလုံးကို ကာဖျူးအမိန့်ထုတ်ခဲ့သည်။

ထိုနေ့မှာပင် ဝန်ကြီးချုပ် Mahinda Rajapaksa က ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

ဝန်ကြီးချုပ် Mahinda Rajapaksa



သို့သော် ဝန်ကြီးချုပ် Mahinda ရာထူးမှ နုတ်ထွက်မှုက ဆန္ဒပြသူတွေကို ကျေနပ်စေခြင်း မရှိဘဲ ၎င်း၏ အစိုးရနေအိမ်ကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့သည်။

ဆန္ဒပြသူအုပ်စုက အစိုးရနေအိမ်ကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းနေစဥ်အတွင်း ဝန်ကြီးချုပ် Mahinda မှာ ထိုနေအိမ်ထဲတွင် ပိတ်မိနေခဲ့သည်ဟု ဆိုသည်။

သီရိလင်္ကာတွင် မေလ (၉) ရက်နေ့မှစပြီး ဖြစ်ပွားနေခဲ့သည့် အကြမ်းဖက်ဖြစ်ရပ်များအတွင်း လူ (၅) ဦး သေဆုံးပြီး (၁၉၀) ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။



ယခုအခါ သီရိလင်္ကာတစ်နိုင်ငံလုံးတွင် ကာဖျူးအမိန့်ထုတ်ထားမှုကို မေလ (၁၀) ရက် နံနက်ပိုင်းအထိ တိုးချဲ့သတ်မှတ်ထားသည်။

သီရိလင်္ကာတွင် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်မှုနှင့် လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုတို့ကြောင့် မတ်လကတည်းက ဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်နေခဲ့ပြီး သမ္မတ Gotabaya Rajapaksa ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုနေခဲ့ကြသည်။

မေလ (၉) ရက်တွင် ရာထူးမှ နုတ်ထွက်သွားသည့် အသက် (၇၆) နှစ်အရွယ် ဝန်ကြီးချုပ် Mahinda မှာ သမ္မတ၏ အကိုလည်း ဖြစ်သည်။

မတ်လအတွင်း လူထုဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် သီရိလင်္ကာအစိုးရအဖွဲ့တစ်ဖွဲ့လုံး နုတ်ထွက်သွားခဲ့ရာ ၎င်းတို့ညီအကိုနှစ်ဦးသာ ကျန်ရှိခဲ့သည်။



အသက် (၇၂) နှစ်အရွယ် သမ္မတ Gotabaya က ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်ပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းခဲ့ရာ ဆန္ဒပြသူများ ဒေါသထွက်ခဲ့ကြသည်။

သီရိလင်္ကာနိုင်ငံတွင် စီးပွားရေး အကျပ်အတည်း အဆိုးဆုံးအခြေအနေ ကြုံတွေ့နေရမှုအပေါ် ကာလရှည်ကြာ ဆန္ဒပြမှုများနှင့် အထွေထွေသပိတ်မှောက်မှုတို့ကြောင့် ကျောင်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးများ ရပ်ဆိုင်းသွားခဲ့ပြီးနောက် သမ္မတ Gotabaya က မေလ (၆) ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် လောင်စာဆီတင်သွင်းမှုနဲ့ အခြား ကုန်ပစ္စည်းတွေအတွက် ငွေပေးချေရန် ရုန်းကန်နေခဲ့ရပြီး ၁၉၄၈ ခုနှစ်က ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေခဲ့ရသည်။



Source: BBC

Photo: REUTERS, AFP,