မီရှဲယို အော်စကာဆုရသည့်အတွက် အလုပ်ပိတ်ရက် မသတ်မှတ်ကြောင်း မလေးအစိုးရဖြေရှင်းနေရ

Getty Image
Getty Image
မီရှဲယို အော်စကာဆုရသည့်အတွက် အလုပ်ပိတ်ရက် မသတ်မှတ်ကြောင်း မလေးအစိုးရဖြေရှင်းနေရ
By Mr John

မီရှဲယိုက အော်စကာဆု ဆွတ်ခူးရရှိသည့်အတွက် မွေးရပ်မြေ မလေးရှားနိုင်ငံတွင် အောင်ပွဲခံခဲ့ကြပြီး အလုပ်ပိတ်ရက်တစ်ရက်သတ်မှတ်မည်ဟု ကောလဟလများထွက်နေသဖြင့် မဟုတ်မှန်ကြောင်း အစိုးရက သတင်းအလျင်အမြန်ထုတ်ပြန်နေရသည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်မ်က ၎င်း၏ရုံးခန်း Facebook page တွင် မတ်လ (၁၃) ရက်နေ့ ထုတ်ပြန်ချက်၌ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် အလုပ်ပိတ်ရက်တစ်ရက် သတ်မှတ်ကြောင်း သတင်းဖေါ်ပြထားသည့် သတင်းစာပုံတစ်ပုံမှာ အစစ်အမှန် မဟုတ်ကြောင်း ရှင်းလင်းထားသည်။

မလေးရှားသတင်းစာ The Star အမည်သုံးပြီး  ဖော်ပြထားသော သတင်းတုတွင် မလေးရှားဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့ (မတ်လ ၁၅) ရက်ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ် ကြေညာလိုက်ကြောင်း ခေါင်းစဥ်တပ်ထားသည့်ပုံတစ်ပုံကို လူအများအပြားက ဖြန့်ဝေနေကြခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားဝန်ကြီးချုပ်က မင်းသမီးမီရှဲယို အော်စကာဆု ရရှိခဲ့မှုအတွက် ဂုဏ်ပြုကြောင်း အစောပိုင်း ထုတ်ပြန်ချက်ကို ကိုးကား၍ ထိုသတင်းတု ထွက်ပေါ်လာခဲ့ခြင်း ဖြစ်နိုင်ပုံရကြောင်း သုံးသပ်ကြသည်။ 

ထို့နောက် ဝန်ကြီးချုပ်ရုံံးက မီရှဲယို အော်စကာဆုရ၍ အများပြည်သူအလုပ်ပိတ်ရက် သတ်မှတ်ကြောင်း သတင်းမှာ မဟုတ်မှန်ကြောင်း၊ သတင်းမှားဖြစ်ကြောင်း ပြောကြားပြီး ပြည်သူများအနေဖြင့် မသေချာသည့် သို့မဟုတ် မှားယွင်းသည့် သတင်းအချက်အလက်များကို ဖြန့်ဝေခြင်း သို့မဟုတ် မျှဝေခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံခဲ့သည်။

အသက် (၆၀) နှစ်အရွယ် မင်းသမီးမီရှဲယိုက "Everything Everywhere All at Once" ဇာတ်ကားတွင် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုအတွက် ဟောလိဝုဒ် အကယ်ဒမီဆု (အော်စကာဆု) ကို ရရှိခဲ့သည်။ 

မလေးရှားနိုင်ငံ Ipoh မြို့တွင် မွေးဖွားခဲ့သူ မီရှဲယိုက ဟောင်ကောင်အက်ရှင်ဇာတ်ကားများတွင် စတင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်ကျော်ကြားသည့် မင်းသမီးတစ်ဦး ဖြစ်လာခဲ့သည်။

၁၉၉၇ ခုနှစ် James Bond ဇာတ်ကား "Tomorrow Never Dies" နှင့် ၂၀၀၀ ခုနှစ်တွင် ထွက်ရှိခဲ့သည့် အော်စကာဆုရ “Crouching Tiger, Hidden Dragon” ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် မီရှဲယိုမှာ နိုင်ငံတကာ၌ပါ အောင်မြင်ကျော်ကြားလာခဲ့သည်။ 

အမေရိကန်တွင် ကျင်းပပြုလုပ်သည့် အော်စကာဆုပေးပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အခမ်းအနားတစ်ရပ်နှင့်အတူ တိုက်ရိုက်ပြသခဲ့ရာ မီရှဲယို၏မိခင် အသက် (၈၄) နှစ်အရွယ် Janet တက်ရောက်ခဲ့ပြီး သမီးဖြစ်သူအတွက် အောင်ပွဲခံခဲ့သည်။

Source: CNN