တာချီလိတ်မြို့ ရီဂျီးနားဟိုတယ် နှင့် ဝမ်မိုင်ရွာအဆင်းလမ်းအနီးတွင် စစ်ဆေးမှုများ ပြုလုပ်ပြီး လူငယ်တစ်ဦးကို ဖမ်းဆီး ရိုက်နှက် ခေါ်ဆောင်သွား 

တာချီလိတ်မြို့ ရီဂျီးနားဟိုတယ် နှင့် ဝမ်မိုင်ရွာအဆင်းလမ်းအနီးတွင် စစ်ဆေးမှုများ ပြုလုပ်ပြီး လူငယ်တစ်ဦးကို ဖမ်းဆီး ရိုက်နှက် ခေါ်ဆောင်သွား 
ဇန်နဝါရီ 18, 2022 | ရှမ်းရှေ့

တာချီလိတ်မြို့ ရီဂျီးနားဟိုတယ်ရှေ့မှ ဝမ်မိုင်ရွာသို့ သွားရာ အဆင်းလမ်းအနီးတွင် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ စစ်သားနှင့်ရဲတို့ အင်အား (၆)ဦးမှ (၇)ဦးအထိရှိသည့် လူတစ်စုသည် စစ်ဆေးမှုများ ပြုလုပ်နေပြီး လူငယ်တစ်ဦးကိုလည်း ဖမ်းဆီးထားကာ ရိုက်နှက်နေကြောင်း သိရသည်။ 

အပြာနဲ့တစ်ယောက်ကို  ရိုက်ပြီး ဖမ်းထားတာ။ ငုတ်တုတ်ထိုင်ပြီး လက်နောက်ပြန် ခေါင်းပေါ်တင်ခိုင်းထားတာ ပြီးတော့ Alpha အဖြူရောင် ကားရောက်လာပြီး လာတင်သွားပြီ။

ဟု ဖြတ်သန်းဖြတ်လာ မြင်တွေ့ခဲ့ရသူ ဒေသခံ တစ်ဦးက Tachileik NewsAgency သို့ ပြောသည်။



မြို့ပေါ် လမ်းမကြီးပေါ်တွင် CCTV များထားရှိပြီး CCTV ထိန်းချုပ်ခန်းကနေ (၂၄)နာရီ တာဝန်များခွဲ၍ စောင့်ကြည့်နေသည့်အတွက် CCTV များမရှိသည့် လမ်းကြားများနှင့် မြို့၏ ဖြတ်လမ်းများတွင် အဓိကထားကာ လှည့်လည် စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆေးမှုများ တင်းကြပ်နေသည့်အကြားက ဇန်နဝါရီလ(၁၇)ရက်နေ့ နံနက်အစောပိုင်းအချိန်က  ရီဂျီးနားဟိုတယ် နှင့် ဝမ်မိုင်ရွာအဆင်းလမ်းအနီးတွင် ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယူသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည့်အတွက် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ရွာ အဝင်အထွက်ပေါက်များနှင့် နီးစပ်ရာနေရာများတွင် ညပိုင်း ချုံပုတ်များထဲအထိ ကင်းပုန်းဝပ်ကာ စောင့်နေကြသည်ဟုလည်း သိရသည်။