ခိုး ဆိုး လုယက်မှုများ နေ့စဉ် ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် ရဲမိသားစုလိုင်းခန်း၌ ရေမော်တာ ခိုးခံရ

ခိုး ဆိုး လုယက်မှုများ နေ့စဉ် ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် ရဲမိသားစုလိုင်းခန်း၌ ရေမော်တာ ခိုးခံရ

 

 ခိုး ဆိုး လုယက်မှုများ နေ့စဉ် နေ့ရော ညပါ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ပါလျှံ ရဲမိသားစုလိုင်းခန်း၌ တပ်ဆင်ထားသည့် ရေမော်တာ ခိုးခံရမှု ဖြစ်ပွားခဲ့သည်။

မီးပလက်ထိုးပြီး ရေတင်နေတာ၊ ရေမလာလို့ သွားကြည့်တော့မှ ရေမော်တာ မရှိတော့ဘူး။ မော်တာကို ရေပိုက်ဖြတ်ပြီး ခိုးယူသွားတာ"ဟု ရဲမိသားစုလိုင်းခန်းမှ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် ဧပြီလ(၂၅)ရက်နေ့က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အပိုင်း ပါလျှံဝန်ထမ်းအိမ်ရာအနီးရှိ ရဲမိသားစုလိုင်းခန်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ဝန်ထမ်းအိမ်ရာမှာက ညတိုင်းနီးပါး သူခိုးကပ်တယ်။ (၂)နာရီကနေ (၄)နာရီအထိက သူခိုးအကပ်ဆုံးအချိန်ပဲ အဲ့ချိန်ဆိုရင် ခွေးအရမ်းဟောင်တယ်။ ရဲပစ္စည်းကို သူခိုးက ခိုးတယ်ဆိုတော့ ရယ်စရာကို ဖြစ်လို့"ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့ အာဏာသိမ်းခံရပြီးနောက်ပိုင်း ၂၀၂၁ခုနှစ်ထက် ၂၀၂၂ခုနှစ်၏ နှစ်ဝက်ကနေ ၂၀၂၃ခုနှစ်၏ ဧပြီလနောက်ဆုံးပတ်အထိ ခိုးဆိုးလုယက်မှုများမှာ နေ့စဉ် နေ့ရော ညပါ ဖြစ်ပွားနေသော်လည်း ရဲတပ်ဖွဲ့က ဒေသခံပြည်သူများအပေါ် အမှန်တကယ် အကာအကွယ်ပေးခြင်းမရှိ၍ ဒေသခံများအနေဖြင့် ရဲစခန်းသို့ သွားရောက် တိုင်ကြားမှုမှာ အင်မတန် နည်းပါးကြောင်း သိရသည်။

"အမှုတခုခုဖြစ်လို့ နီးစပ်ရာ ရဲဌာနကို တိုင်ရင် ဟိုနေရာသွားတိုင်၊ ဒီနေရာသွားတိုင်နဲ့ လွဲချတယ်။ နယ်ထိန်းရဲတို့၊ ပြည်သူ့စစ်တို့ဆိုတာ ဘယ်နေရာမှာ အသုံးချပြီး ဘယ်နေရာမှာ ဘာသွားလုပ်နေကြလဲမသိဘူး။  ဘယ်ရပ်ကွက် ဘယ်နေရာမှာ လောင်းကစားဂိမ်းခုံဘယ်နှစ်ခုံတိုးလာသလဲ၊ ဂိမ်းဆိုင် ဘယ်နှစ်ဆိုင်တိုးလာသလဲဆိုတာတွေပဲ လိုက်ကြည့်ပြီး လစဉ် လိုင်းကြေးတွေ ဆက်ကြေးတွေယူပြီး ခွဲတမ်းပြန်ခွဲ အဲ့ဒါတွေပဲ အာရုံစိုက်ကြတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ယခု ဧပြီလအတွင်း၌ ဓါးရှည်များကိုင်ဆောင်ထားသည့် လူတစ်စုက အုပ်စုများဖွဲ့ကာ တာချီလိတ်မြို့တွင်း နေ့ရောညပါ လှည့်ပတ်သွားလာကာ ဓါးဖြင့် ခုတ်၍ တမျိုး၊ ဓါးဖြင့်ထောက်၍ တမျိုး အမျိုးမျိုး ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယုမှုများ နေ့စဉ်ဖြစ်ပွားနေလျက်ရှိသော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းမရှိသည့်အပြင် ယခုအခါတွင် ရဲမိသားစု၏ ရေမော်တာ ခိုးခံရသည်အထိ ဖြစ်ပွားလာနေသည်။ 

 

 

ဆက်စပ်ဖြစ်စဉ်များ