ပင်လယ်ထဲတွင် (၃) ပတ်ကျော် မျောပါနေစဥ် ခရမ်းချဥ်သီး အချဥ်ရည်စားပြီး အသက်ဆက်ခဲ့သည့် ဒိုမီနီကာ အမျိုးသား

Photo: AFP
Photo: AFP
ပင်လယ်ထဲတွင် (၃) ပတ်ကျော် မျောပါနေစဥ် ခရမ်းချဥ်သီး အချဥ်ရည်စားပြီး အသက်ဆက်ခဲ့သည့် ဒိုမီနီကာ အမျိုးသား
ဇန်နဝါရီ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ကာရေဘီယန် ပင်လယ်အတွင်းရှိ ဒိုမီနီကာနိုင်ငံမှ အမျိုးသားတစ်ဦးက ပင်လယ်ပြင်တွင် ရွက်လှေငယ်ဖြင့် (၂၄) ရက်ကြာ မျောပါနေခဲ့စဥ်အတွင်း ခရမ်းချဥ်းသီး အချဥ်တစ်ပုလင်းစားပြီး အသက်ဆက်ခဲ့သည်ဟု ဆိုသည်။ 

ထိုအမျိုးသားကို ကိုလံဘီယာနိုင်ငံ ရေပိုင်နက်တွင် ရေတပ်က ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

"ကျွန်တော့်မှာ အစားအစာ မရှိဘူး။ လှေပေါ်မှာက ခရမ်းချဥ်သီး အချဥ်တစ်ပုလင်း၊ ကြက်သွန်ဖြူမှုန့်နဲ့ Maggi ရိက္ခာခြောက်တုံးလေးတွေပဲရှိတယ်။ ဒါနဲ့ အဲဒါတွေကို ရေနည်းနည်းနဲ့ရောပြီး ပင်လယ်ထဲမှာ ၂၄ ရက်ကြာ အသက်ရှင်ဖို့ ကျွန်တော် စားခဲ့တယ်" ဟု အသက် (၄၇) နှစ်အရွယ် အဲလ်ဗစ်ဖရန်ကော့စ်က ကိုလံဘီယာရေတပ်က ထုတ်ပြန်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် အင်္ဂလိပ်ဘာသာစကားဖြင့် ပြောခဲ့သည်။

အဲလ်ဗစ်က ဖြတ်သွားဖြတ်လာ သင်္ဘောများ မြင်တွေ့နိုင်ရန် ရည်ရွယ်ပြီး ၎င်း၏ ရွက်လှေကိုယ်ထည်တွင် "help" ဟု စာလုံးထွင်းကာ အကူအညီတောင်းခံထားခဲ့သည်။ 

၎င်းကို Puerto Bolivar ဆိပ်ကမ်းမှ အနောက်မြောက်ဘက် ရေမိုင် (၁၂၀) အကွာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

အခြား သင်္ဘောများ ဖြတ်သွားသည်ကို တွေ့ခဲ့ရပြီး ၎င်းကို မြင်တွေ့နိုင်ရန် လှေပေါ်တွင် မီးရှို့သည်အထိပင် ကြိုးပမ်းခဲ့သော်လည်း မမြင်ခဲ့ကြဟု ဆိုသည်။

ပင်လယ်ထဲတွင် မျောပါနေစဥ် ရွက်လှေ နစ်မြုပ်မသွားစေရန် ရေများခပ်ထုတ်နေခဲ့သည်ဟုလည်း အဲလ်ဗစ်က ပြောသည်။ 

"နောက်ဆုံးနေ့တွေမှာ ဇန်နဝါရီလ (၁၅) ရက်လောက်ကပေါ့ ကျနော် လေယာဥ်ပျံတစ်စီးကို တွေ့ခဲ့တယ်။ ကျနော့်မှာ မှန်တစ်ချပ်ရှိတယ်။ ဒါနဲ့ မှန်ကိုသုံးပြီး အချက်ပြခဲ့တယ်။ သူတို့က လှေပေါ်ကနေ (၂) ကြိမ် ဖြတ်ပျံခဲ့တော့ သူတို့ ကျနော့်ကို တွေ့သွားပြီးလို့ ကျနော် သိလိုက်တယ်။ သူတို့ကြောင့် ဒီနေ့ ကျနော် အသက်ရှိနေတာ ကျေးဇူးတင်ပါတယ်" ဟု အဲလ်ဗစ်က ၎င်း၏အတွေ့အကြုံကို ပြန်ပြောပြခဲ့သည်။

လေယာဥ်အမှုထမ်းများက ကိုလံဘီယာရေတပ်ကို အကြောင်းကြားခဲ့ပြီး နောက်ဆုံးတွင် အဲလ်ဗစ်ကို ကယ်ဆယ်ခဲ့သည်။ 

ပင်လယ်ထဲတွင် မျောပါနေစဥ် ၎င်း၏ ဆဲလ်ဖုန်းဖြင့် အကြိမ်ကြိမ် ဖုန်းခေါ်ရန်ကြိုးပမ်းခဲ့သော်လည်း လိုင်းမမိခဲ့ဟု ဆိုသည်။ 

"၂၄ ရက်ကြာ မြေမရှိခဲ့ဘူး။ စကားပြောဖို့လည်း ဘယ်သူမှမရှိဘူး။ ဘာလုပ်ရမလဲ မသိဘူး။ ဘယ်နေရာကို ရောက်နေတယ်ဆိုတာ မသိဘူး။ အဖြစ်ဆိုးပါပဲ။ မျှော်လင့်ချက်ကုန်သွားတဲ့ အချိန်တွေရှိတယ်။ ကျွန်တော့်မိသားစုအကြောင်း တွေးလိုက်တယ်။ အဖြစ်က တော်တော်ဆိုးပါတယ်ဗျာ။ ဒီနေ့ ကျွန်တော် ဘယ်လို အသက်ရှင်နေလဲ မသိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော် အသက်ရှင်နေတယ်ဗျ။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်" ဟု အဲလ်ဗစ်က ၎င်း၏အဖြစ်ကို ဖွင့်ဟပြောခဲ့သည်။



ယခုအခါ အဲလ်ဗစ်ကို ကိုလံဘီယာ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များထံ အပ်နှံခဲ့ပြီး ၎င်း၏နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။



Source: AFP