အိန္ဒိယတွင် ပန်းရထားနှင့် ဘုရားလှည့်လာစဥ် လူ (၁၁) ဦး ဓာတ်လိုက် သေဆုံး

အိန္ဒိယတွင် ပန်းရထားနှင့် ဘုရားလှည့်လာစဥ် လူ (၁၁) ဦး ဓာတ်လိုက် သေဆုံး
By Mr John

အိန္ဒိယတွင် ပန်းရထားနှင့် ဘုရားလှည့်လာစဥ် လူ (၁၁) ဦး ဓာတ်လိုက်သေဆုံး

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူပြည်နယ်တွင် ဘုရားကျောင်းတစ်ခုက ကျင်းပပြုလုပ်သည့် ဘာသာရေးပွဲတစ်ခုအတွင်း လူ (၁၁) ဦး ဓာတ်လိုက်သေဆုံးပြီး အခြား (၁၅) ဦး ဒဏ်ရာခဲ့ကြောင်း သိရသည်။

တမီလ်နာဒူပြည်နယ် Thanjavur ခရိုင်တွင် ဘုရားလှည့်ရာတွင် အသုံးပြုသည့် ပန်းရထားနှင့် ဗို့အားမြင့် ဓာတ်အားလိုင်း ထိမိပြီးနောက် ဓာတ်လိုက်ခံကြရခြင်း ဖြစ်ပြီး ဓာတ်လိုက်သေဆုံးသူတွေအနက် ကလေးငယ်(၂)ဦး ပါဝင်ခဲ့သည်။



ဒဏ်ရာရသူအချို့မှာ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း နှင့် ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်ကို အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ပန်းရထားတွင် မီးထွန်းရန် အသုံးပြုသည့် မီးစက်က လမ်းကွေ့တစ်ခုတွင် ဆက်မပါလာနိုင်ဖြစ်နေခဲ့သည်ဟု မီးသတ်နှင့်ကယ်ဆယ်ရေးဌာန အရာရှိ Bhanupriya က BBC သတင်းကို ပြောသည်။

ပန်းရထားနှင့်အတူ လူ (၅၀) ဝန်းကျင် လမ်းလျှောက် လိုက်ပါလာခဲ့ကြခြင်း ဖြစ်ကြောင်းနှင့် ထိုမီးစက်ကိစ္စ အဆင်ပြေရန် လုပ်ဆောင်နေကြစဥ် ပန်းရထား၏ ထိပ်ပိုင်းနေရာက ဗို့အားမြင့် ဓာတ်အားလိုင်းနှင့် ထိသွားခဲ့ကြောင်း သိရသည်။

အကြီးတန်း ရဲအရာရှိတစ်ဦးက NDTV ကို ပြောကြားမှုအရ ပုံမှန်အားဖြင့် ဘုရားပွဲစီတန်းလှည့်လည်ရာ လမ်းကြောင်းတစ်လျှောက် ဗို့အားမြင့် ဓာတ်အားလိုင်းများကို ပိတ်ထားလေ့ရှိကြောင်း သိရသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ပန်းရထားက ဓာတ်အားလိုင်းနှင့် ထိမိနိုင်လောက်သည့် အမြင့်မရှိခဲ့တာကြောင့် ဓာတ်အားလိုင်းကို ပိတ်မထားခဲ့ကြောင်း ၎င်းကဆိုသည်။



"ဒါပေမဲ့ ပန်းရထားပေါ်မှာ ပြင်ဆင်ထားတာတွေက ဓာတ်အားလိုင်းနဲ့ ထိသွားနိုင်တဲ့အထိ မြင့်မားနေခဲ့ပုံရတယ်" ဟု ရဲအရာရှိက NDTV ကို ပြောသည်။

ဗီဒီယိုတစ်ခုတွင် ဓာတ်အားလိုင်းနှင့် ထိမိခဲ့သည့် ပန်းရထားမှာ လုံးဝ ပျက်စီးသွားကြောင်း တွေ့ရသည်။ တမီလ်နာဒူပြည်နယ် ဝန်ကြီးချုပ် MK Stalin က Thanjavur ခရိုင်ရှိ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုပြီး ကျန်ရစ်သူမိသားစုများနှင့်လည်း တွေ့ဆုံမည်ဟု ဆိုသည်။



ယခုဖြစ်ရပ်အတွင်း သေဆုံးခဲ့သူတို့၏ မိသားစုများကို ငွေကြေးထောက်ပံ့မှုအဖြစ် ရူပီး ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၅၄၂) ပေးအပ်သွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း ယခုဖြစ်ရပ်ကြောင့် အလွန်နာကျင်ခံစားရကြောင်းနှင့် သေဆုံးသူတို့၏ မိသားစုများကို ရူပီး ၂၀၀,၀၀၀ ကူညီထောက်ပံ့မည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။



Source: NDTV, BBC