အမေရိကန်အာကာသအေဂျင်စီ NASA ၏ လကမ္ဘာသို့ သမိုင်းဝင် အာကာသခရီးစဥ် စမ်းသပ်လွှတ်တင်

အမေရိကန်အာကာသအေဂျင်စီ NASA ၏ လကမ္ဘာသို့ သမိုင်းဝင် အာကာသခရီးစဥ် စမ်းသပ်လွှတ်တင်
နိုဝင်ဘာ 17, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်အာကာသအေဂျင်စီ NASA ၏ သမိုင်းဝင် လကမ္ဘာသို့ သွားရောက်သည့် Artemis 1 အာကာသခရီးစဥ်ကို နိုဝင်ဘာလ (၁၆) ရက် နံနက်အစောပိုင်းတွင် လွှတ်တင်လိုက်ကြောင်း သိရသည်။ 

သမိုင်းမှတ်တိုင်ဖြစ်ရပ်ဖြစ်သည့် Artem  is 1 အာကာသခရီးစဥ်က လူလိုက်ပါခြင်း မရှိသော အာကာသယာဥ်တစ်စီးကို လကမ္ဘာအနီးသို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ယခု စမ်းသပ်ခရီးစဥ်က ရာစုနှစ်တစ်ဝက်အတွင်း NASA အာကာသယာဥ်မှူးများ လကမ္ဘာပေါ်သို့ ပထမဆုံးအကြိမ် တစ်ကျော့ပြန် ခြေချရန်အတွက် လမ်းပွင့်စေခဲ့သည်ဟု ဆိုသည်။ 

အရှည် (၃၂၂) ပေရှိ Space Launch System သို့မဟုတ် SLS ဒုံးပျံကို ဖလော်ရီဒါပြည်နယ်ရှိ အာကာသလွှတ်တင်ရေးစခန်းကနေ လွှတ်တင်လိုက်သည်။

SLS ဒုံးပျံ လွှတ်တင်ပြီးနောက် (၂) နာရီခန့်အကြတွင် NASA ၏ Orion အာကာသယာဥ်ကို လကမ္ဘာသို့ ခရီးဆက်ရန် ဒုံးပျံကနေ ခွဲထုတ်ထားခဲ့မည် ဖြစ်သည်။ 

Orion အာကာသယာဥ်က လကမ္ဘာအနီး ရောက်ရှိခဲ့ပြီးနောက် (၂၅) ရက်ခွဲခန့်တွင် ၎င်း၏ခရီးစဥ် ပြီးမြောက်ကာ ကမ္ဘာမြေသို့ ပြန်လာမည်ဟု ဆိုသည်။ 

ထို့နောက် Orion ကို စန်ဒီယေဂိုကမ်းလွန် ပစိဖိတ်သမုဒ္ဒရာအတွင်း ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ပြန်လည်ဆင်းသက်လာစေရန် စီစဥ်ထားပြီး သက်ဆိုင်ရာအဖွဲ့က သွားရောက်ယူဆောင်မည်ဟု သိရသည်။

ယခု စမ်းသပ်ခရီးစဥ်တွင် NASA အင်ဂျင်နီယာများက လကမ္ဘာသွား Orion အာကာသယာဥ်၏ စွမ်းဆောင်ရည်ကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်သည်။ 

အင်ဂျင်နီယာအဖွဲ့အနေဖြင့် Orion က လကမ္ဘာပတ်လမ်းသို့ အာကာသယာဥ်မှူးများ လိုက်ပါသည့်ခရီးစဥ်အတွက် အဆင်သင့်ဖြစ် မဖြစ်ကို အကဲဖြတ်သွားမည်ဟု သိရသည်။ 

အာကာသယာဥ်မှူးများ လိုက်ပါသည့် လကမ္ဘာခရီးစဥ်ကို လက်ရှိတွင် ၂၀၂၄ ခုနှစ်အတွင်း သွားရောက်ရန်စီစဥ်ထားသည်။

လပေါ်သို့ လူသားများ ပထမဆုံး ခြေချခဲ့မှုမှာ ၁၉၆၉ ခုနှစ်က အပိုလို ၁၁ (Apollo 11) အာကာသခရီးစဥ်ဖြင့် အာကာသယာဥ်မှူး နီးလ်အမ်းစထရောင်းနှင့် ဘက်ဇ်အယ်လ်ဒရင်တို့ လပေါ်သို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။ 

Apollo 11 အာကာသခရီးစဥ်တွင် အာကာသယာဥ်မှူး မိုက်ကယ်ကောလင်းစ်လည်း ပါဝင်ခဲ့ပြီး ၎င်းတို့ (၃) ဦးမှာ လ၏ မျက်နှာပြင်ပေါ်တွင် (၂၁) နာရီနှင့် (၃၆) မိနစ်ကြာရှိခဲ့ကြပြီး လပေါ်မှ နမူနာပစ္စည်းများကို စုဆောင်းယူဆောင်လာခဲ့ကြသည်။

Source: CNN, BBC

Photo: NASA, BBC, NATHANIAL BRADFORD/GOONHILLY,