နယ်စပ်မြို့ တာချီလိတ်၏ ပထမဆုံး ရွှေတြိဂံဒေသရိုးရာ မီးပုံးပျံပွဲတော်ကျင်းပရေး ထိုင်းနိုင်ငံကို အသိပေး ညှိနှိုင်းဆောင်ရွက်ထား

နယ်စပ်မြို့ တာချီလိတ်၏ ပထမဆုံး ရွှေတြိဂံဒေသရိုးရာ မီးပုံးပျံပွဲတော်ကျင်းပရေး ထိုင်းနိုင်ငံကို အသိပေး ညှိနှိုင်းဆောင်ရွက်ထား
နိုဝင်ဘာ 16, 2019
By 🌸

နယ်စပ်မြို့ တာချီလိတ်၏ ပထမဆုံး ရွှေတြိဂံဒေသရိုးရာ မီးပုံးပျံပွဲတော်ကျင်းပရေး ထိုင်းနိုင်ငံကို အသိပေး ညှိနှိုင်းဆောင်ရွက်ထား

နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၏ ပထမအကြိမ် ရွှေတြိဂံဒေသရိုးရာ မီးပုံးပျံပွဲတော်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့ ညနေပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီး ပွဲတော်ကာလအတွင်း မီးပုံးပျံများ နယ်စပ်ကျော်လွန်ခြင်းများ ဖြစ်ပွားနိုင်၍ ထိုင်းနိုင်ငံကို အသိပေးညှိနှိုင်းထားကြောင်း သိရသည်။

“မီးပုံးပျံပွဲတော်ကို ကျင်းပတဲ့အခါမှာ အဓိကက ဘေးကင်းလုံခြုံရေးကို အဓိကထားပြီး စဉ်းစားရပါတယ်။ လေဆိပ်အနီးဖြစ်တာကြောင့် လေယာဉ်အတက်အဆင်းချိန်တွေနဲ့ လွတ်ကင်းအောင် ညှိနှိုင်းဆောင်ရွက်ထားသလို နယ်စပ်ဒေသဖြစ်တာကြောင့် လွှတ်တင်လိုက်တဲ့ မီးပုံးပျံများ မတော်တဆ နယ်စပ်ဖြတ်ကျော်တာတွေ ဖြစ်လာနိုင်တာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကိုလည်း အသိပေး ညှိနှိုင်းဆောင်ရွက်ထားပါတယ်”ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ဖွင့်ပွဲတွင် ထည့်သွင်းပြောကြားသွားသည်။

မီးပုံးပျံပွဲတော်ကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းတွင် နိုဝင်ဘာလ (၁၇)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နေ့စဉ် နေ့လယ် (၂)နာရီမှစ၍ နေ့လွှတ်အရုပ်များနှင့် ညပိုင်းတွင် ညမီးကြီး များကို လွှတ်တင်မည်ဖြစ်သည်။

ဖွင့်ပွဲနေ့တွင် ပံ့သကူဆုမဲ (၂၀၀) ဝန်းကျင်ပါသည့် ပံ့သကူမီးပုံးပျံတစ်လုံး၊ နေ့လွှတ်အရုပ် (၂)ရုပ်၊ ညမီးကြီး စိန်နားပန် (၁)လုံးနှင့် အပျော်တမ်းလွှတ်တင်သည့် မီးပုံးပျံ အသေး (၂၀၀)တို့ကို လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် မီးပုံးပျံပွဲတော် ကျင်းပရေးအတွက် အိမ်နီးချင်းထိုင်းနိုင်ငံကိုလည်း အသိပေး ညှိနှိုင်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ မယ်ဆိုင်မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြသည်။

မီးပုံးပျံပွဲတော်ကို စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပြီး တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဒေသတွင်း အနုပညာရှင်များနှင့် ခြင်းအလှခတ်ပြခြင်းများဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ  ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

ဆက်စပ်သတင်းများ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net