တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ အပါအဝင် ဝန်ထမ်း(၇)ဦးတွင် ဇူလိုင်လ(၂၄)ရက်နေ့ တစ်နေ့တည်း Covid-19 တွေ့ရှိ

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ အပါအဝင် ဝန်ထမ်း(၇)ဦးတွင် ဇူလိုင်လ(၂၄)ရက်နေ့ တစ်နေ့တည်း Covid-19 တွေ့ရှိ
ဇူလိုင် 24, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ဇူလိုင်လ(၂၄)ရက်နေ့၌ တစ်နေ့တည်း တွေ့ရှိရသည့် Covid-19 ကူးစက်ခံရသူ (၄၁)ဦးတွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ အပါအဝင် ဌာန(၃)ခုမှ ဝန်ထမ်း (၇)ဦး ပါဝင်ကြောင်း သိရသည်။

ယနေ့ ဌာနများအနေဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ (၁)ဦး အပါအဝင် စည်ပင်ဝန်ထမ်း (၅)ဦး၊ မြေစာရင်းဝန်ထမ်း(၁)ဦးတို့ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ယနေ့ ပိုးတွေ့ရှိရသူမှာ အသက် (၄၁)နှစ်အရွယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဇူလိုင်လ(၂၁)ရက်နေ့က ပိုးတွေ့ရှိရသည့် ခရိုင်ရဲတပ်ဖွဲ့မှ အသက်(၄၃)နှစ်အရွယ် တပ်ဖွဲ့ဝင်တစ်ဦးနှင့် ထိတွေ့မှုရှိသူဟု သိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ မှူ/ကူ အပါအဝင် တပ်ဖွဲ့ဝင်များကို Covid-19 စစ်ဆေးထားပြီး တပ်ဖွဲ့တွင်းမှ နေမကောင်းသူများ ရှိနေသော်လည်း ရာသီတုပ်ကွေးဖြစ်သည်ဟုသာ မှတ်ယူထားကြောင်း နှင့် ပိုးတွေ့ရှိမှုကိုလည်း ထုတ်ဖော်အသိပေးထားခြင်း မရှိကြောင်းလည်း သိရသည်။

တာချီလိတ်သတင်းအေဂျင်စီ၏ စုံစမ်းချက်အရ တာချီလိတ်ဒေသတွင်း ရဲတပ်ဖွဲ့များထဲမှ သတင်းတပ်ဖွဲ့မှ သတင်းရဲတပ်ဖွဲ့ဝင်(၂)ဦး၊ မြို့မရဲစခန်းမှ (၁)ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှ (၂)ဦး နှင့် ရေကြောင်းရဲတပ်ဖွဲ့မှ (၁)ဦးတို့ Covid-19 ကူးစက်ခံထားရကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ဇူလိုင်လ(၂၄)ရက်နေ့ ညပိုင်းအထိ ရက်ပေါင်း (၂၇)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၉၂၀)ဝန်းကျင်အထိရှိနေပြီး စောင့်ကြည့်ကုသဆောင်များမှတဆင့် နေအိမ်ပြန်ခွင့်ရရှိသွားကြသူမှာ (၄၀၀)နီးပါးရှိနေကာ သေဆုံးသူမှာလည်း (၄)ဦးအထိ ရှိနေပြီဖြစ်သည်။