တာချီလိတ်မြို့မှ CDM ကျန်းမာရေးဝန်ထမ်းများထံ ခရိုင်ဆေးရုံဆရာဝန်ကြီးက ချေးငွေများ ပြန်လည် တောင်းခံ

တာချီလိတ်မြို့မှ CDM ကျန်းမာရေးဝန်ထမ်းများထံ ခရိုင်ဆေးရုံဆရာဝန်ကြီးက ချေးငွေများ ပြန်လည် တောင်းခံ
ဇူလိုင် 22, 2023 | 2021 Military Coup| ရှမ်းရှေ့

 NUG အစိုးရက CDM လုပ်ဆောင်သည့် ဝန်ထမ်းများအနေဖြင့် ချေးငွေများ ပြန်လည်ဆပ်ရန် မလိုတော့ကြောင်း တရားဝင်ကြေညာထားသော်လည်း  ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ CDM ကျန်းမာရေးဝန်ထမ်းများထဲက ပြည်သူ့ကျန်းမာရေးဝန်ထမ်းများထံ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီးက ချေးငွေများ ပြန်လည်တောင်းခံနေကြောင်း သိရသည်။

တာချီလိတ်မြို့၏ CDM ကျန်းမာရေးဝန်ထမ်းများကို ဝန်ကြီးဌာနက  ထုတ်ပယ်ကြောင်း အမိန့်စာများထုတ်ထားပြီးဖြစ်ပြီး ယခုအခါတွင် တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာဝင်းနိုင်က လက်မှတ်ရေးထိုးကာ ရုံးစာများဖြင့် တစ်ဦးချင်းဆီ ပို့ပြီး တောင်းခံနေခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာဝင်းနိုင်သည် နိုင်ငံ့အာဏာသိမ်းခံရမှုကြောင့် CDM လုပ်ဆောင်လိုက်သည့် ဆေးရုံအုပ်ကြီးနေရာကို တောင်ကြီးကနေ အစားထိုးရောက်ရှိလာခဲ့သူဖြစ်သည်။

"ထုတ်ပယ်တာလည်း ခံထားရပြီဆိုတော့ အနီးမှာရှိသူတွေကတော့ အပ်ဖို့လုပ်နေသလို တချို့လည်း အပ်လိုက်ကြပါပြီ။ အဝေးရောက်သွားသူတွေကတော့ မသိဘူးတဲ့။"ဟု CDM ကျန်းမာရေးဝန်းထမ်းတစ်ဦးက Tachileik News Agency သို့ ပြောသည်။

CDM လုပ်ဆောင်ပြီး ထုတ်ပယ်ခံထားရသည့် CDM ကျန်းမာရေးဝန်ထမ်းများထံက ယခင်က ပေးထားသည့် Tablet ကို ပြန်လည်တောင်းခံသည့် အပြင် (၂)လစာ ချေးငွေတို့ကိုလည်း ပြန်ဆပ်ရန် တောင်းခံခြင်း ဖြစ်သည်။

ပြန်လည်ပေးရမည့် Tablet နှင့် ချေးငွေများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ပေးရမည်ဖြစ်ကြောင်း နှင့် ၂၀၂၂ခုနှစ် ဇူလိုင်လ၏ ပထမပတ်အတွင်းက ရုံးစာများထုတ်ကာ တောင်းခံနေခြင်း ဖြစ်ကြောင်း သိရသည်။

NLD အစိုးရလက်ထက်က Covid-19 ကာလအတွင်း ဝန်ထမ်းများ အဆင်ပြေရေးအတွက်  အတိုးမဲ့လစာ(၂)လစာကို ထုတ်ချေးပေးထားခဲ့ခြင်းဖြစ်ပြီး နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် CDM လုပ်ဆောင်သည့် ဝန်ထမ်းများအနေဖြင့် အတိုးမဲ့လစာငွေများကို ပေးချေစရာမလိုတော့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) က တရားဝင် အသိပေးထုတ်ပြန်ထားသော်လည်း ယခုအခါ အတိုးမဲ့ချေးငွေများကို ပြန်တောင်းနေခြင်း ဖြစ်သည်။