AA အဖွဲ့အနေဖြင့် အရပ်သားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်တိုက်တွန်း

AA အဖွဲ့အနေဖြင့် အရပ်သားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်တိုက်တွန်း
နိုဝင်ဘာ 18, 2019
By 🌸


AA အဖွဲ့အနေဖြင့် အရပ်သားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်တိုက်တွန်း
ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား AA က ဖမ်းဆီးထားခြင်းအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းနှင့် အရပ်သားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း အရေးကြီး အဆိုကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် အတည်ပြုလိုက်သည်။
ယင်းအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကိုယ်စားလှယ် (၅၇၆)ဦးအနက် (၃၈၆)ဦး ဆန္ဒမဲပေးကြခြင်းဖြစ်ပြီး ကန့်ကွက်မဲ (၇)မဲ၊ ကြားနေမဲ (၃)မဲနှင့် ထောက်ခံမဲ (၃၇၆)မဲ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
လွှတ်တော်တက်ရန်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် အိန္ဒိယနိုင်ငံသားများ အပါအဝင် စုစုပေါင်း (၁၀)ဦးကို ပလက်ဝမှ ကျောက်တော်သို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့က စပိဘုတ်နှစ်စီးဖြင့် ထွက်ခွာလာစဉ် AA အဖွဲ့က ဖမ်းဆီးထားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ (၄)ရက်နေ့တွင် သေဆုံး (၁)ဦးနှင့် အသက်ရှင်လျှက် (၈)ဦးကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
AA က နိုဝင်ဘာလ (၆) ရက်နေ့ နေ့စွဲဖြင့်ထုတ်သည့် ထုတ်ပြန်ချက်တွင် ၎င်းတို့ဖမ်းဆီးထားသူများအနက် အရပ်သားမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းတစ်ဦးသာ ကျန်ရှိတော့ကြောင်း ဖေါ်ပြခဲ့ပြီးနောက် နိုဝင်ဘာလ (၁၁) ရက်နေ့ ထုတ်ပြန်ချက်တွင် စစ်ဖက်နှင့်သက်ဆိုင်သော သုံ့ပန်း (၁၆)ဦးကို AA နှင့်ပတ်သက်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူများဖြင့် သုံ့ပန်းချင်းလဲလှယ်မည်ဟု ထပ်မံထုတ်ပြန်ထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများစတင်ချိန်မှစ၍ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခံရသည့် အရပ်သားများ ရှိနေပြီး AA အဖွဲ့နှင့် ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် အရပ်သားများလည်း ရှိနေခြင်းဖြစ်သည်။
Tacheileik News Agency
ဆက်စပ်သတင်းများ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net