AA အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားစဉ်အတွင်း သေဆုံးသွားသည့် အိန္ဒိယနိုင်ငံသား၏ ကျန်ရစ်သူ မိသားစုအား မြန်မာသံအမတ်ကြီး သွားရောက်တွေ့ဆုံ

AA အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားစဉ်အတွင်း သေဆုံးသွားသည့် အိန္ဒိယနိုင်ငံသား၏ ကျန်ရစ်သူ မိသားစုအား မြန်မာသံအမတ်ကြီး သွားရောက်တွေ့ဆုံ
နိုဝင်ဘာ 8, 2019
By 🌸

AA အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခံရမှုအတွင်း သေဆုံးခဲ့ရသည့် ရခိုင်ပြည်နယ် ကုလားတန်စီမံကိန်းမှ အိန္ဒိယနိုင်ငံသား၏ ကျန်ရစ်သူမိသားစုထံ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့တွင် သွားရောက်တွေ့ဆုံကြောင်း သိရသည်။

ကုလားတန်စီမံကိန်းတွင် လုပ်ကိုင်နေသည့် M/s Engineering Projects (India) Ltd မှ Consultant ဖြစ်သူ Mr. Vinoo Gopal သည်  ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့တွင် ပလက်ဝမှ ကျောက်တော်သို့ ကုလားတန်မြစ်ကြောင်းမှ စပိဘုတ်ဖြင့်ထွက်ခွာလာစဉ် AA အဖွဲ့၏ဖမ်းဆီးခြင်းခံရသူ (၁၀)ဦးတွင် ပါဝင်သွားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထားသူ (၁၀)ဦးအနက် ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမှလွဲ၍ ကျန် (၉)ဦးကို AA က နိုဝင်ဘာလ (၄)ရက်နေ့ နံနက် (၆)နာရီတွင် လွှတ်ပေးလိုက်ချိန်၌ ဖမ်းဆီးခံရသည့်နေ့တွင် သေဆုံးခဲ့သည်ဟုဆိုသော Mr. Vinoo Gopal  ၏အလောင်းကိုပါ လွတ်မြောက်သူများက ပြန်သယ်လာခဲ့ကြခြင်းဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသည့် အိန္ဒိယနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ရခိုင်ပြည်နယ်အစိုးရဖြင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Mr. Vinoo Gopal ၏ ဇနီးဖြစ်သူ Mrs. Alpana Mathur နှင့် ကျန်ရစ်သူမိသားစုအား မြန်မာသံအမတ်ကြီးက သွားရောက်တွေ့ဆုံကာ ဝမ်းနည်းစကားပြောကြားခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများစတင်ဖြစ်ပွားချိန်မှစပြီး AA က အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်မှုများ မကြာခဏဖြစ်ပွားသကဲ့သို့ AA အဖွဲ့နှင့် ဆက်စပ်သည်ဟု သံသယရှိခံရသည့် အရပ်သားများကိုလည်း သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးမှုများရှိနေသည်ကို တွေ့ရသည်။

Tachileik News Agency
ဓါတ်ပုံ - မြန်မာသံရုံး

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net