လက်ရှိအကျပ်အတည်း ဖြေရှင်းနိုင်ရန် ရည်မှန်းပါက အာဏာသိမ်းခေါင်းဆောင်၏ ဆွေးနွေးရေးဖိတ်ခေါ်ချက်ကို RCSS ကြိုဆို

 RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် photo: Bangkokpost
RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် photo: Bangkokpost
လက်ရှိအကျပ်အတည်း ဖြေရှင်းနိုင်ရန် ရည်မှန်းပါက အာဏာသိမ်းခေါင်းဆောင်၏ ဆွေးနွေးရေးဖိတ်ခေါ်ချက်ကို RCSS ကြိုဆို
By Tachileik News Agency

လက်ရှိ အထွေထွေနိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည်မှန်းပါက အာဏာသိမ်းစစ်ခေါင်းဆောင်၏ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်ကို ကြိုဆိုသည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြထားသည်။

RCSS ၏ တာဝန်ရျိသူ (၂၄၅)ဦးတက်ရောက်သည့် (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီလ (၁၆) ရက်နှင့် (၁၇) ရက်နေ့များတွင် ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း၌ ကျင်းပပြီး အချက် (၈)ချက်ပါသည့် ဆုံးဖြတ်ချက်ကို ထုတ်ပြန်လာခြင်းဖြစ်သည်။

သျှမ်းတိုင်းရင်းသားများအရေးအတွက် သျမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ခိုက်နေခြင်းအစား ဆွေးနွေးခြင်းဖြင့် အဖြေရှာရန်နှင့် သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် သျှမ်းပြည်အမျိုးသားညီလာခံပြင်ဆင်ခြင်းကို စတင်မည်ဟု ဆုံးဖြတ်ထားသည်ကို တွေ့ရသည်။

လက်ရှိ တစ်နိုင်ငံလုံးကြုံတွေ့နေရသည့် နိုင်ငံရေးအကျပ်အတည်းအား ဖြေရှင်းရေးနှင့်ပတ်သက်၍ အာဆီယံနှင့် ကုလအပါအဝင် နိုင်ငံတကာက ဆောင်ရွက်ချက်များအား ပံ့ပိုးရန်နှင့် အာဏာသိမ်းခေါင်းဆောင်၏ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်ကို ကြိုဆိုသည်ဟု ဖေါ်ပြထားသည်ကို တွေ့ရခြင်းဖြစ်သည်။