မြန်မာ့နိုင်ငံရေးတွင် စစ်တပ် မပါရေး မူဝါဒချမှတ်ထားကြောင်း KNU ဆို

မြန်မာ့နိုင်ငံရေးတွင် စစ်တပ် မပါရေး မူဝါဒချမှတ်ထားကြောင်း KNU ဆို

 မြန်မာ့နိုင်ငံရေးတွင် လုံးဝပါဝင်ခွင့် မရှိတော့သည့် စစ်တပ်ကို တည်ဆောက်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က မူဝါဒချမှတ်ထားကြောင်း အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမူးက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့တွင် ပြုလုပ်သည့် KNU ဗဟို၏ ရက်(၁၀၀)ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

KNU အနေဖြင့် မြန်မာ့နိုင်ငံရေးတွင် လုံးဝပါဝင်ခွင့်မရှိတော့သည့် စစ်တပ်ကို တည်ဆောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုရေးဆွဲရေး၊  အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရေး၊  နိုင်ငံသစ်ထူထောင်ရေး၏ အချက်တိုင်းတွင် နိုင်ငံတကာပါဝင်သည့် အခန်းကဏ္ဍကို ပါဝင်စေရေးတို့ကို မူဝါဒချမှတ်ထားသည်ဟု ဆိုသည်။ 

“အဲဒီအချက်တွေကို လက်ခံတဲ့ စစ်တပ်ထဲက အရာရှိတစ်ယောက်၊ အရာခံ၊ အကြပ်၊ တပ်သားတွေကို ပရော်ဖက်ရှင်နယ် စစ်တပ်ဖြစ်အောင် ပြုပြင်ပြောင်းလဲလုပ်ရမှာဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်ကို နိုင်ငံတကာစောင့်ကြည့်မှု အောက်ကနေ သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ခေတ်ပြောင်း စနစ်ပြောင်းလုပ်ငန်းစဉ် တလျှောက်လုံးမှာလည်း နိုင်ငံတကာရဲ့ ပါဝင်မှုဟာ အရမ်းအရေးကြီးပြီးတော့ ကျွန်တော်တို့ အတွေ့အကြုံအရ ဒါဟာ တကယ်လိုအပ်တာဖြစ်ပါတယ်။”ဟု ပဒိုစောတာဒိုမူးက ပြောသည်။ 

ထို့အပြင် တိုင်းရင်းသားတော်လှန်ရေးတပ်နှင့် PDF တပ်ဖွဲ့များကိုလည်း လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို တစ်ခုလုံး၏ အောက်တွင် ပြန်လည်စုစည်းပြီး ပေါ်ပေါက်လာသည့် ဖက်ဒရယ်ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်နှင့်အညီ လုံခြုံရေးစနစ်သစ်အောက်၌ ပြန်လည်တည်ဆောက်ကြရမည်ဟုလည်း ဆိုသည်။

“စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားယုံသာမက ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းတွေနဲ့ ညီတဲ့ ပိုမိုကောင်းမွန်တဲ့ ဥပဒေတွေ၊ အုပ်ချုပ်ရေးယန္တရားတွေ တရားရေးစနစ်တွေနဲ့ အ စားထိုးဖို့ အရေးကြီးပါတယ်။ သန္ဓေမှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဖြစ်ဖို့က တော်လှန်ရေး ကာလ သို့မဟုတ် ကြားကာလကတည်းက စတင်ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ အောက်ကနေစပြီး အုတ်မြစ်ခိုင်ခိုင်တည်ဆောက်ဖို့အရေးကြီးပါတယ်။”ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံသည် ဒီမိုကရေစီပျောက်ဆုံးမှုနှင့် တိုင်းရင်းသားအခွင့်အရေး ပျောက်ဆုံးမှုနှစ်ခုကို ကြုံတွေ့နေရသဖြင့် ယင်းနှစ်ခုကို တစ်ခုပြီးမှတစ်ခုဖြေရှင်း၍မရဘဲ တပြိုင်တည်းဖြေရှင်းရမည်ဟုလည်း ဆိုသည်။ 

“အဲဒီအတွက် အတားအဆီးကလည်း စစ်တပ်ပဲ ဖြစ်ပါတယ်။ စစ်တပ်ကြီးစိုးမှုဟာ ၁၉၆၀ နှစ်ကနေစခဲ့တာဖြစ်ပြီးတော့ စစ်အာဏာ ကြီးစိုးခြင်း အခြေပြုနိုင်ငံတည်ဆောက်ခြင်းကို စစ်တပ်က လူမျိုးရေး၊ ဘာသာရေးခုတုံးလုပ်ပြီးတော့ အတင်းအားဓမ္မသွပ်သွင်း အကောင်အထည်ဖော်ခဲ့တာကြောင့်ဖြစ်ပါတယ်။”ဟု ပဒိုစောတာဒိုမူးကပြောသည်။

တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးလှုပ်ရှားမှုများကို အစိုးရအဆက် ဆက်၏ ယန္တရားအောက်တွင် အရောင်ဆိုးခြင်းခံရာကာ စစ်အာဏာမသိမ်းခင်အချိန်အထိ ရရှိခဲ့သည့် တပိုင်းတစ ဒီမိုကရေစီအခွင့်အရေးက မြန်မာပြည်သူများကို မှန်ကန်သည့် သမိုင်းအဖြစ်အမှန်များ ဖော်ထုတ်လာနိုင်ပြီး အခွင့်အရေးတစ်ခုအနေဖြင့်ရရှိခဲ့ကာ နိုင်ငံရေးရင့်ကျက်မှုများကစ၍ ခတ်ပြောင်း၊ စနစ်ပြောင်းအတွက်တော်လှန်သည့် တော်လှန် ရေးအဖြစ် ပြည်သူတစ်ရပ်လုံးလည်း ပါဝင်ဆင်နွှဲလာခြင်းဖြစ်ကြောင်း ပြောသည်။

#TachileikNewsAgency