AA ထံမှ ဦးဝှေ့တင်း လွတ်မြောက်ရေး KIO မှတဆင့် ညှိနှိုင်းပေးရန် ဘာသာရေးအဖွဲ့များ ကြိုးစားမည်

AA ထံမှ ဦးဝှေ့တင်း လွတ်မြောက်ရေး KIO မှတဆင့် ညှိနှိုင်းပေးရန် ဘာသာရေးအဖွဲ့များ ကြိုးစားမည်
နိုဝင်ဘာ 8, 2019
By Tachileik News Agency

Arakan Army(AA) က ဖမ်းဆီးထားသည့် ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ပြန်လွှတ်ပေးရန်အတွက် ကေအိုင်အိုမှတစ်ဆင့် ညှိနှိုင်းပေးရန် ချင်းပြည်နယ် ခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့က ကချင်နှစ်ခြင်းအသင်းတော် (KBC)ထံ အကူအညီတောင်းခံစာပေးပို့ထားသည်ဟု သိရသည်။

လွှတ်တော်တက်ရန်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် (၁၀)ဦးကို ပလက်ဝမှ ကျောက်တော်သို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့က ထွက်ခွာလာစဉ် AA အဖွဲ့က ဖမ်းဆီးထားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ (၄)ရက်နေ့တွင် သေဆုံး (၁)ဦးနှင့် အသက်ရှင်လျှက် (၈)ဦးကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

AA အဖွဲ့က နိုဝင်ဘာလ (၆)ရက်နေ့ နေ့စွဲဖြင့်ထုတ်သည့် ထုတ်ပြန်ချက်တွင်၎င်းတို့ဖမ်းဆီးထားသူများအနက် အရပ်သားမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းတစ်ဦးသာ ကျန်ရှိတော့ကြောင်း ဖော်ပြထားသည်ကို တွေ့ရပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့အထိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်မှာ လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

“ဒီနေ့ မြို့နယ်ကိုမေးတဲ့ အထိတော့ ဦးဝှေ့တင်းနဲ့ပတ်သက်လို့ ဘာမှမထူးသေးဘူး။ ချင်းပြည်နယ် ခရစ်ယာန် ဂိုဏ်းပေါင်းစုံကနေ ကချင်ခရစ်ယာန်ဂိုဏ်းပေါင်းစုံတို့၊ KBC တို့ကို စာပေးပို့ထားပါပြီ။ သူတို့အဲဒီကနေ ကေအိုင်အေ၊ ကေအိုင်အိုကို အဲဒီလိုမျိုးတွေကို သူတို့ဆက်စပ်ပြီးတော့ အကူအညီတောင်းပေးမှာပါ။ အဲဒီလိုတော့ ညှိထားပါတယ်”ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလလ(၈)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

အဆိုပါ အကူအညီတောင်းခံစာနှင့် ပတ်သက်၍ KBC ထံ ဆက်သွယ်အတည်ပြုရန်ကြိုးစားသော်လည်း ဖုန်းဆက်သွယ်၍ မရသဖြင့် KBC ဘက်မှ အတည်ပြုချက်ရရှိထားခြင်းမရှိပါ။

ဖမ်းဆီးခံထားရသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ အသက်အန္တရာယ်မထိခိုက်စေရေးအတွက် ရှာဖွေရေးလုပ်ငန်းများကို သတိထားဆောင်ရွက်ရမည့် အခြေအနေကြောင့် ဘာသာရေးအဖွဲ့အစည်းများမှ တစ်ဆင့် မေတ္တာရပ်ခံ အကူအညီတောင်းသည့်နည်းလမ်းကို ရွေးချယ်ဆောင်ရွက်နေသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

လူ(၁၀)ဦးပျောက်ဆုံးသွားကြောင်း သတင်းရသည်နှင့် ချင်းပြည်နယ်အစိုးရက ဒေသတွင်းတာဝန်ရှိသူများနှင့် ချိတ်ဆက်၍ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်စေသည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြခြင်း၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် NRPC တို့ကို သတင်းပို့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် စပိဘုတ်(၂) စီးတွင် ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း၊ ကုလားတန်စီမံကိန်း (ပလက်ဝ-ဇိုရမ်ပွီလမ်းပိုင်း)မှ အိန္ဒိယနိုင်ငံသား ဝန်ထမ်း (၅) ဦး၊ စကားပြန် (၂) ဦး၊ စပိဘုတ်မောင်းသူ (၂) ဦးတို့ ပါဝင်သည့်အနက် နိုဝင်ဘာလ (၄)ရက်နေ့ နံနက် (၆)နာရီက လွှတ်တော်ကိုယ်စားလှယ်မှလွဲ၍ ကျန်(၉)ဦးကို AA က လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

AA ကဖမ်းဆီးခေါ်ဆောင်သွားစဉ်အတွင်း အိန္ဒိယနိုင်ငံသားတစ်ဦးမှာ သေဆုံးသွားခဲ့ပြီး အဆိုပါ သေဆုံးသွားသည့် အိန္ဒိယနိုင်ငံသားအလောင်းနှင့် လွတ်မြောက်လာသည့် အိန္ဒိယနိုင်ငံသား (၄)ဦးတို့ကို ရန်ကုန်သို့ ခေါ်ဆောင်ရန် အိန္ဒိယသံရုံးက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်တွင် အခြပြေုဖွဲ့စည်းခဲ့သည့် AA အဖွဲ့သည် အစိုးရနှင့်အပစ်ရပ်လက်မှတ်မထိုးသေးသည့် KIA၊ TNLA၊ MNDAA တို့နှင့် မဟာမိတ်အဖွဲ့တွင် ပါဝင်သည့်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ သြဂုတ်လအတွင်းက TNLA၊ MNDAA တို့နှင့်အတူ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများစတင်ချိန်မှစ၍ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခံရစဉ် အရပ်သားသေဆုံးမှုများ ဖြစ်ပွားသကဲ့သို့ AA အဖွဲ့နှင့် ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံရပြီး သေဆုံးခဲ့ရသည့် အရပ်သားများလည်း ရှိခဲ့ကြောင်း ဒေသသတင်းများအရ သိရသည်။

Tacheileik News Agency
သတင်း #ချယ်ရီထိုက်

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net