ဒေသခံများ စီးပွားရေး အဆင်မပြေ ဖြစ်နေသော်လည်း  မြန်မာ - ထိုင်း နယ်စပ် ဝင်ပေါက် ထွက်ပေါက်များ ပြန်လည်ဖွင့်လှစ်ရေး နေပြည်တော်က အကြောင်းမကြားသေး  

ဒေသခံများ စီးပွားရေး အဆင်မပြေ ဖြစ်နေသော်လည်း  မြန်မာ - ထိုင်း နယ်စပ် ဝင်ပေါက် ထွက်ပေါက်များ ပြန်လည်ဖွင့်လှစ်ရေး နေပြည်တော်က အကြောင်းမကြားသေး  
ဇန်နဝါရီ 7, 2023 | ရှမ်းရှေ့

Covid-19 ရောဂါ တားဆီးကာကွယ်ရေးအတွက်ဟု ဆိုကာ (၃)နှစ်ဝန်းကျင်အကြာ ပိတ်ထားသည့် မြန်မာ - ထိုင်း နယ်စပ်ရှိ အဓိက ဝင်ပေါက် ထွက်ပေါက်များကို ဖွင့်လှစ်ရန်အတွက် နေပြည်တော်က လတ်တလောတွင် အကြောင်းကြားလာခြင်း မရှိသေးကြောင်း ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့အထိ နောက်ဆုံး စုံစမ်း သိရသည်။

လတ်တလောတွင် မြဝတီ - မဲဆောက်ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားကို ဇန်ဝါရီလ၏ ဒုတိယပတ်အတွင်း၌ ဖွင့်လှစ်မည်ဟု ထိုင်းဘက်က သတင်းများ ထွက်ပေါ်နေသော်လည်း အဆိုပါ တံတား ဖွင့်လှစ်ရေးအတွက် မြဝတီ နှင့် မဲဆောက် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခြင်း မရှိသေးကြောင်း နှင့် လတ်တလောတွင် အဆိုပါ တံတား ဖွင့်လှစ်ရန်အတွက် နေပြည်တော်က ညွှန်ကြားထားခြင်း  မရှိသေးကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူးရုံးထံက သိရသည်။

အလားတူပင် တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကိုလည်း ၂၀၂၃ခုနှစ် ဇန်ဝါရီလအတွင်း၌ ဖွင့်ရန် အစီအစဉ်မရှိသေးကြောင်း တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး လူမှုကွန်ယက်တွင် မှတ်ချက်ပြုထားသည်ကိုလည်း တွေ့ရသည်။

တာချီလိတ် နှင့် မယ်ဆိုင်အကြား တနိုင်တပိုင်ကုန်ပစ္စည်းများနှင့် လူသွားလူလာအတွက် အဓိက အသုံးပြုနေသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားကို  ၂၀၂၀ခုနှစ် မတ်လ(၂၂)ရက်နေ့ ည(၈)နာရီခွဲအချိန်က စပြီး ထိုင်းဘက်က Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက်ဟုဆိုကာ ပိတ်လိုက်ရာ ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ (၃)နှစ်နီးပါးဝန်းကျင်အထိ ပိတ်ထားဆဲဖြစ်သည်။



တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားကို ပြန်လည်ဖွင့်လှစ်ရန်အတွက် ၂၀၂၂ခုနှစ် ဧပြီလအတွင်းက စပြီး ထိုင်းဘက်က ကြိုးပမ်းခဲ့သော်လည်း မြန်မာဘက်က အချိန်ဆွဲကာ ဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်သည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသတွင် နေထိုင်သည့် အများစုမှာ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားကနေ တဆင့် ကျန်းမာရေးအတွက် ထိုင်းဘက်သို့ သွားရောက်ဆေးကုသခြင်း၊ ကုန်ပစ္စည်းအရောင်းအဝယ်အတွက် သွားလာခြင်း စသည်များဖြင့် အသုံးပြုခဲ့ကြရာ ယခုအခါတွင် ကာလကြာရှည်စွာ ပိတ်ထားသည့် အဆိုပါ တံတားကြောင့် ဒေသတွင်း၌ စီးပွားရေးများမှာ အဆင်မပြေမှုများနှင့်ပါ ကြုံနေရသည်ဟု ဒေသခံများထံက သိရသည်။

" မြဝတီ - မဲဆောက် နဲ့ တာချီလိတ် - မယ်ဆိုင် မှာရှိတဲ့ တံတား(၁)တွေကို ပြန်လည်ဖွင့်လှစ်ဖို့အတွက် ထိုင်းဘက်က လိုလိုလားလားရှိပေမဲ့ မြန်မာဘက်ကတော့ ဒီတံတား(၁)ကနေ လက်နက်တွေ အလွယ်တကူ ဝင်လာနိုင်သလို တိမ်းရှောင်မဲ့လူတွေကလည်း တံတား(၁)ကနေ အလွယ်တကူ တိမ်းရှောင်မှာ ကြောက်တယ်ဆိုပြီး တံတားကို မဖွင့်ဘဲ အချိန်ဆွဲထားတာပဲ။ တကယ်တော့ တိမ်းရှောင်မဲ့လူတွေကလည်း နယ်စပ်ချောင်းကနေ မဖြစ် ဖြစ်တဲ့နည်းနဲ့ သွားလို့ရတာပဲ။ နယ်စပ်မှာ နေတဲ့လူတွေရဲ့ စီးပွားရေးက ဒီတံတားဖွင့်တဲ့အပေါ်မှာ အများကြီး မူတည်တယ် ဆိုတာကို ဒေသအုပ်ချုပ်ရေးမှူးတွေကနေ စစ်တိုင်းမှူးအထိ သိထားပြီးသား၊ အဲ့အတွက် ဒေသခံတွေရဲ့ အကျိုးစီးပွားလိုလားတယ်ဆိုရင်တော့ တံတားကို အမြန်ဆုံး ဖွင့်သင့်ပါတယ်။"ဟု  ဌာနဆိုင်ရာများနှင့် နီးစပ်သည့် ကုန်သည်တစ်ဦးက Tachileik News Agency သို့ ဇန်ဝါရီလ(၇)ရက်နေ့တွင် ပြောသည်။

မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသများဖြစ်သည့် မြန်မာ - တရုတ် နယ်စပ်ဂိတ်များကိုလည်း ပြန်လည်ဖွင့်လှစ်ရေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက  ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့ နံနက်(၉)နာရီ (၄၉)မိနစ်အချိန်တွင် အသိပေးကြေညာလာပြီးနောက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Mrs. Wu Xi ထံ ဇန်နဝါရီလ(၅)ရက်နေ့၏ နေ့လည်(၂)နာရီခွဲတွင် သွားရောက်ပြီး  နယ်စပ်ဂိတ်များ ဖွင့်လှစ်ရေးအတွက် တွေ့ဆုံသေးသည်။

မြန်မာ - ထိုင်းနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေးကိုတော့ မြန်မာ နှင့် ထိုင်း နှစ်ဖက် တွေ့ဆုံဆွေးနွေးခြင်းအဖြစ် ၂၀၂၂ခုနှစ်အတွင်းက ရှိခဲ့သော်လည်း ယခု ၂၀၂၃ခုနှစ်တွင် တစ်ကြိမ်မှ မရှိသေးကြောင်း သိရသည်။

#TachileikNewsAgency