တာချီလိတ်မြို့တွင် ထိုင်းဘက်သို့ TBC က တစ်ဦးလျှင် အနည်းဆုံး ထိုင်ဘတ်ငွေ (၁၅၀၀၀)ရယူပြီး တံတား(၂)ပေါ်က ပို့ဆောင်ပေးနေ၍ ဒေသခံများ အလွယ်တကူသွားလာနိုင်ရန် တံတား(၁) ပြန်လည်ဖွင့်လှစ်ရေး မျှော်လင့်နေ

တာချီလိတ်မြို့တွင် ထိုင်းဘက်သို့ TBC က တစ်ဦးလျှင် အနည်းဆုံး ထိုင်ဘတ်ငွေ (၁၅၀၀၀)ရယူပြီး တံတား(၂)ပေါ်က ပို့ဆောင်ပေးနေ၍ ဒေသခံများ အလွယ်တကူသွားလာနိုင်ရန် တံတား(၁) ပြန်လည်ဖွင့်လှစ်ရေး မျှော်လင့်နေ
ဒီဇင်ဘာ 31, 2022 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင်   မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC)က လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ အနည်းဆုံး (၁၅,၀၀၀)ကစပြီး ရယူကာ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားကနေ ထိုင်းဘက်သို့ ပို့ဆောင်ပေးနေ၍ ငွေကြေး မတတ်နိုင်သည့် ဒေသခံများနေဖြင့် အခက်အခဲမရှိဘဲ ပုံမှန်အတိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားကနေ သွားလိုသည့်အတွက် အမှတ်(၁)တံတားအား ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများက လိုလားနေကြသည်။

တာချီလိတ်မြို့တွင် ကုန်သွယ်ရေးအတွက်သာ သီးသန့်ဖွင့်လှစ်ထားသည့် ချစ်ကြည်ရေးအမှတ်(၂)တံတားပေါ်ကနေ  တာချီလိတ်  - မယ်ဆိုင်အကြား မြန်မာဘက် မြို့နယ်အဆင့် နယ်ခြားကော်မတီ (Township Border Committee - TBC)၏ အဖွဲ့ဝင်များနှင့်ဘာသာပြန်အဖွဲ့တို့က လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ (၁၅,၀၀၀)ကနေ ဘတ်ငွေ (၁၈,၀၀၀)အထိ ရယူကာ မယ်ဆိုင်မြို့အထိ အရောက် ပို့ဆောင်ပေးသလို ချင်းရိုင်းမြို့အထိ ပါ ပို့ဆောင်ပေးကြောင်းနှင့် ကျန်းမာရေးအတွက် ဆေးစစ် ဆေးကုရန်ဟု အကြောင်းပြကာ ယင်းသို့ အခကြေးငွေရယူပြီး ပို့ဆောင် ပေးနေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက Tachileik News Agency သို့ ဆက်သွယ်ပြောကြားလာခြင်း ဖြစ်သည်။

"ထိုင်းဘက်ကို ကိစ္စရှိလို့ သွားတာပဲဖြစ်ဖြစ် ဆေးကုဖို့ သွားတာပဲဖြစ်ဖြစ် တစ်ခါသွားရင် ထိုင်းဘတ်ငွေ (၁၅,၀၀၀)ကနေ (၁၈,၀၀၀)ဘတ်အထိ ပေးရတယ်။ သွားတာက ချောင်းကနေ မဟုတ်ဘူး တံတား(၂)ကနေ သွားရတာပဲ သူတို့က ဟိုဖက်အထိ အရောက် လိုက်ပို့ပေးတာပေါ့။ TBC က  လူတွေပဲဆိုတော့ သူတို့ ဟိုဖက် ဒီဖက် ညှိပြီး လုပ်စားနေတာထင်တယ်။ ကျွန်မကတော့ တံတား(၁)ကို အမြန်ပြန်ဖွင့်စေချင်ပြီ။ ကိစ္စရှိလို့ သွားရင် အဲ့လောက်အထိ မတတ်နိုင်ဘူးလေ။ ထိုင်းဘက်ကလည်း အချိန်မရွေးဖွင့်ဖို့ သတင်းတွေမှာ ကြေညာထားပြီးသားလေ။ တံတား(၁) မြန်မြန်ဖွင့်တော့ အရင်လို လွယ်လွယ်ကူကူသွားလို့ရတာပေါ့။ "ဟု တာချီလိတ်ဒေသခံ တစ်ဦးဖြစ်သူ မဝတ်ရည်က ပြောသည်။

မြို့နယ်အဆင့် နယ်ခြားကော်မတီ(Township Border Committee - TBC)တွင် မြန်မာဘက်မှ စစ်တပ်က အရာရှိနှစ်ဦးသည် ဥက္ကဌ နှင့် အတွင်းရေးမှူးအဖြစ် တာဝန်ယူပြီး  မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ၊  မြို့နယ်လဝကမှူးတို့ကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းထားပြီး စကားပြန်အဖွဲ့တို့ ပါဝင်ရာ တာချီလိတ် နှင့် မယ်ဆိုင်အကြား စကားပြန်အဖွဲ့က ၎င်းတို့ထက် ပို၍ အာဏာသက်ရောက်သလိုရှိသည်ဟု ဒေသခံများက ဆိုသည်။ 

တာချီလိတ် နှင့် မယ်ဆိုင်အကြား တနိုင်တပိုင်ကုန်ပစ္စည်းများနှင့် လူသွားလူလာအတွက် အဓိက အသုံးပြုနေသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားကို  ၂၀၂၀ခုနှစ် မတ်လ(၂၂)ရက်နေ့ ည(၈)နာရီခွဲအချိန်က စပြီး ထိုင်းဘက်က Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက်ဟုဆိုကာ ပိတ်လိုက်ရာ ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ (၃)နှစ်နီးပါးဝန်းကျင်အထိ ပိတ်ထားဆဲဖြစ်သည်။

၂၀၂၂ခုနှစ် ဧပြီလအတွင်းက  တာချီလိတ် - မယ်ဆိုင်အကြား ချစ်ကြည်ရေးအမှတ်(၁)တံတားကို ပြန်လည်ဖွင့်လှစ်ရန် ထိုင်းအာဏာပိုင်များနှင့် ထိုင်းလုပ်ငန်းရှင်များအကြား ဆွေးနွေးခဲ့ကြသည်။

 ၂၀၂၂ခုနှစ် မေလ(၂၄)ရက်နေ့က မယ်ဆိုင်မြို့တွင် အစည်းအဝေးပြုလုပ်ခဲ့စဉ်

ယင်းနောက် အဆိုပါ ချစ်ကြည်ရေးအမှတ်(၁)တံတား ဖွင့်လှစ်ရေးအတွက် ၂၀၂၂ခုနှစ် မေလ(၂၄)ရက်နေ့ နံနက်ပိုင်းက ချစ်ကြည်ရေးအမှတ်(၂)တံတားရှိ မယ်ဆိုင်အကောက်ခွန်ရုံး၏ အစည်းအဝေးခန်းမတွင် စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်တို့ ပါဝင်သည့် အဖွဲ့က တံတား(၁) ဖွင့်လှစ်ရေးနှင့်ပတ်သက်ပြီး နေပြည်တော်သို့ အမြန်ဆုံးတင်ပြပြီးမှသာ အကြောင်းပြန်မည်ဟု ပြောကြားခဲ့သော်လည်း ယနေ့အထိ ထူးခြားမှု မရှိသေးခြင်း ဖြစ်သည်။

"တာချီလိတ်မှာ အရင်လို စီးပွားရေး မကောင်းတော့ဘူး။ တံတား(၁) ပိတ်တဲ့ ၂၀၂၀ခုနှစ်ကတည်းက ဆိုပေမဲ့ ၂၀၂၁ကနေ အခုထိပဲ ပိုပိုပြီး ပိုဆိုးရွားလာတယ်။ တာချီလိတ်က လူတွေက ဒီတံတား(၁)ကိုပဲ အမှီပြုနေကြတာလေ။ မြန်မာဘက်က ပို့တာထက် ထိုင်းဘက်က ဝယ်ယူပြီး နယ်တွေအထိ ဖြန့်တာတို့ ဒေသတွင်း စားသုံးဖို့တို့အတွက် လုပ်ကိုင်ကြတာဆိုတော့ တာချီလိတ်ရဲ့ စီးပွားရေး အဆင်ပြေဖို့ကိစ္စက တံတား(၁) ဖွင့်လှစ်ရေးကလည်း သိပ်အရေးပါတယ်။ ဒေသခံတွေကို တကယ် အလေးထားတယ်။ အဆင်ပြေစေချင်တယ်ဆိုရင်တော့ တံတား(၁)ကို အမြန်ဆုံး ဖွင့်စေချင်တယ်ဗျာ။"ဟု အမည်မဖော်လိုသည့် ဒေသခံ လုပ်ငန်းရှင် တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ် နှင့် မယ်ဆိုင်မြို့ အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား ဖွင့်လှစ်ရေးအတွက် ၂၀၂၂ခုနှစ် မေလ(၂၄)ရက်နေ့ နံနက်ပိုင်းက ချစ်ကြည်ရေးအမှတ်(၂)တံတားရှိ မယ်ဆိုင်အကောက်ခွန်ရုံး၏ အစည်းအဝေးခန်းမတွင် စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်တို့ ပါဝင်သည့် အဖွဲ့က တံတား(၁) ဖွင့်လှစ်ရေးနှင့်ပတ်သက်ပြီး နေပြည်တော်သို့ အမြန်ဆုံးတင်ပြပြီး အကြောင်းပြန်မည်ဟု ပြောကြားခဲ့သော်လည်း ယနေ့အထိ ထူးခြားမှု မရှိသေးခြင်း ဖြစ်သည်။

"တံတား(၁) ဖွင့်ရင်တော့ ကျွန်တော်တို့လို ဆိုင်ကယ် Taxi သမားတွေအတွက် အရင်လို အလုပ်ပြန်ဖြစ်မှာပေါ့ဗျာ၊ တံတားဖွင့်တော့ မယ်ဆိုင်ဘက်က ထိုင်းဧည့်သည်တွေ ကာစီနို လာကစားရင် ဆိုင်ကယ်နဲ့ လိုက်ပို့ရတော့ ကျွန်တော်တို့အတွက် အဆင်ပြေတာပေါ့ဗျာ။ တာချီလိတ်မှာ ကျွန်တော်တို့လို ဆိုင်ကယ် Taxi သမားတွေက အယောက် (၉၀၀)ကျော်ရှိပါတယ်။ အားလုံးရဲ့ အနောက်မှာ မိသားစုတွေ အိမ်ထောင်စုတွေက မနည်းဘူးလေ။ အဲ့အတွက် ဘယ်တော့ ဖွင့်မလဲဆိုတဲ့ ဒီတံတား ဖွင့်မဲ့ရက်ကို မျှော်နေရတာပေါ့။ အရင်လို ဆိုင်ကယ် ဆွဲမကောင်းတော့ ဝမ်းစာအပြင် ဆီဖိုးရယ် မဖြစ်မနေ ပေးနေရတဲ့ ဆိုင်ကယ်အသင်းလစဉ်ကြေးရယ် ရဖို့အတော် ကြိုးစားနေရတယ်။ ဒီကြားထဲ အိမ်လခပါဈေးတွေက မြင့်တက်နေတော့ တကယ်ကို  ဘာလုပ်ရမှန်းမသိတော့တဲ့ အခြေအနေပဲဗျာ "ဟု ချစ်ကြည်ရေးအမှတ်(၁) တံတားအနီးတွင် ဆိုင်ကယ် Taxi ဆွဲသူ တစ်ဦးက ဆိုသည်။

အဆိုပါ တံတားဖွင့်လှစ်ရေးအတွက် ထိုင်းဘက်က အကြိမ်ကြိမ် ပြင်ဆင် ကြိုးစားမှုများ ရှိခဲ့သော်လည်း မြန်မာဘက်က Covid-19 နှင့် ဒေသလုံခြုံရေးအတွက်ဟု အကြောင်းပြကာ တံတားအား မဖွင့်သေးခြင်းဖြစ်ကြောင်း  သိရသည်။