တာချီလိတ်မြို့တွင် အိမ်ခန်းငှားပိုင်ရှင်များက စီးပွားရေး အခြေနေမကောင်း၍ဟု ဆိုကာ အခန်းငှားခများ မတန်မဆ တိုးမြှင့်၍ ငှားနေသူများ အခက်တွေ့

တာချီလိတ်မြို့တွင် အိမ်ခန်းငှားပိုင်ရှင်များက စီးပွားရေး အခြေနေမကောင်း၍ဟု ဆိုကာ အခန်းငှားခများ မတန်မဆ တိုးမြှင့်၍ ငှားနေသူများ အခက်တွေ့
ဇန်နဝါရီ 1, 2023 | ရှမ်းရှေ့

 နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် နေအိမ်အခန်းငှားနှုန်းထားများမှာ တစတစ မြင့်တက်လာနေသလို အချို့ အိမ်ငှားပိုင်ရှင်များမှာလည်း စီးပွားရေးအခြေအနေ မကောင်း၍ဟုဆိုကာ ထက်ဝက်ကျော် မြှင့်တက်နေသည့်အတွက် ငှားရမ်းနေထိုင်သူများ  အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

"အိပ်ခန်းငှားရတာ အရင်လို မဟုတ်တော့ဘူး။ အခုဆို တန်ရာတန်ကြေးနဲ့ ငှားရတဲ့ အခန်းမရှိသလောက်ဘဲ ဘယ်မှာ မေးမေး အိမ်ခန်းငှားခတွေ အတော်လေး ဈေးတက်နေကြတယ်။ ကျွန်တော်ဆိုရင် အရင်က ဆိုင်ကယ် Taxi ဆွဲလို့ရတဲ့ ငွေနဲ့ အိမ်ခန်းဌားခအတွက်ရော စားဝတ်နေရေးအတွက်ပါ အဆင်ပြေအောင် နေလို့ရတယ်။ အခုက စီးပွားရေးတွေက မပြေလည်ကြတော့ ဆိုင်ကယ် Taxi ဆွဲရတာလည်း အဆင်မပြေတော့ဘူး။ တစ်လ တစ်လ အိမ်ခန်းငှားခအတွက် စိတ်အတော်ပူနေရတယ်။ လကုန်လို့မှ မပေးနိုင်ရင် အိမ်တာဝန်ခံက မောင်းချမှာ"ဟု ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ် Taxi ဆွဲသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် စီးပွားရေး အခြေအနေ မကောင်းတော့၍ ဟုဆိုကာ ရိုးရိုး နေအိမ်အခန်းငှားခများကို အနည်းဆုံး ဘတ်(၅၀၀)ကနေ ဘတ်(၁,၅၀၀)၊ ဘတ်(၂,၀၀၀)အထိ တိုးမြှင့်ကောက်ခံနေသလို အမှိုက်သိမ်းခ နှင့် မီတာခများလည်း တိုးမြှင့်ကောက်ခံနေကြပြီ ဖြစ်ကြောင်း သိရသည်။

နေအိမ်အခန်းငှားပိုင်ရှင်နှင့်တာဝန်ခံများက နေအိမ်အခန်းငှားများအပေါ် မီတာခများကိုလည်း မီးလင်းရေးကော်မတီက ကောက်ခံသည့်နှုန်းထားထက် တိုးမြှင့်ကောက်ခံနေခြင်းကို တာချီလိတ်မြို့မီးလင်းရေးကော်မတီကလည်း ဖြေရှင်းနိုင်ခြင်းမရှိ၍ အိမ်ငှားများသည် မီတာခကို သတ်မှတ်နှုန်းထားထက်ပို၍ ပေးဆောင်နေရသည့်ကြားမှ ဈေးနှုန်းထပ်မြှင့်လာခြင်းဖြစ်သည်။

"အိမ်ရှင်တွေက အိမ်ငှားခတိုးကောက်တာတင် မဟုတ်ဘူး မီတာခ၊ ရေခပါ အရင်ကထက် ထပ်တိုးကောက်လာတယ်။ ပြီးတော့ အခွန်ကလည်း ထပ်တိုးကောက်တယ်"ဟု ဒေသခံတစ်ဦးက ဆိုသည်။



တာချီလိတ်မြို့တွင် ပြီးခဲ့သည့်လက နေအိမ်အခန်းငှားများကို မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်များကောက်ခံခဲ့ရာတွင် အခွန်ကျသင့်ငွေအပြင်  ဘတ်(၅,၀၀၀) မှ ဘတ်(၁၀,၀၀၀)အထိ ထပ်ဆောင်းကောက်ခံခဲ့ပြီး အဆိုပါငွေမှာ မြို့နယ်အခွန်ဦးစီးမှူး ဦးဝေလှိုင်ဦးအား ခွဲတမ်းပြန်ပေးရကြောင်း သိရသည်။

"ပြည်တွင်းအခွန်များဦးစီးဌာနက အမျိုးသမီးတစ်ဦးရောက်လာပြီး အခွန်ကို အရင်ထက် တိုးမြှင့်ကောက်ခံတယ်။ အခွန်တိုးကောက်တဲ့အပြင် အခွန်အခ သက်သာအောင် လုပ်ပေးရလို့ဆိုပြီး  သီးသန့်ငွေအဖြစ် ဘတ်(၅,၀၀၀)တို့ ဘတ်(၁၀,၀၀၀)တို့ တောင်းတယ်။ အဲ့လိုတွေ ပေးရတော့ ကျွန်မတို့ရဲ့ အိမ်ရှင်ကလည်း အခွန်ဆောင်ရလို့ အိမ်ခန်းငှားခကို တိုးကောက်တာဆိုပြီး ပြောတယ်"ဟု အိမ်ခန်းငှားနေထိုင်သူတစ်ဦးက Tachileik News Agency ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့တွင် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ ကျယ်ပြန့်လာသည်နှင့်အမျှ နေအိမ်ခန်းအငှား များပြားလာရာ အိမ်ခန်းငှားရမ်းခများကို ဈေးတိုးတောင်းလာကြသည့်အပြင် ငှားရမ်းရသည်လည်း ခက်ခဲလာသည်ဟု သိရသည်။

"တာချီလိတ်မှာ အိမ်ခန်းငှားခတွေ မတန်မဆ များလာတယ်ဆိုတာက စီးပွားရေးကောင်းနေလို့မဟုတ်ဘူး။ တခြားဒေသက လူတွေ တာချီလိတ်မှာ (၂၀)ရာခိုင်နှုန်းလောက် များလာတော့ အိမ်ခန်းငှားလည်း ရှားသလောက်ဖြစ်သွားတယ်။ အဲ့အပြင် တရုတ်တွေကလည်း အွန်လိုင်းလောင်းကစားအတွက် အခန်းတွေ အပြတ်ငှားတာတွေရှိတော့ ငွေပဲ မြင်တဲ့ အချို့အိမ်ရှင်တွေကလည်း ငွေများများရမယ့်လမ်းကိုပဲ လိုက်ကြတာပေါ့။  တခုရှိသေးတာက အိမ်ခန်းငှားခ တိုးကောက်တာ တချို့ အိမ်ရှင်တွေက မသိကြဘူး။ အိမ်တာဝန်ခံကပဲ လုပ်စားတာမျိုးလည်းရှိတယ်။ တချို့ အိမ်ခန်းငှား တာဝန်ခံတွေက အိမ်ရှင်ထက် ဆိုးတာတွေလည်းရှိတယ်။ တာချီလိတ်မှာ စီးပွားရေးအဆင်ပြေဖို့ကတော့ ဒီအတိုင်းနဲ့ အလုပ်မဖြစ်ဘူး။ တစ်ဖက် မယ်ဆိုင်မှာ အလုပ်သွားလုပ်နိုင်တာမျိုးတွေ ရှိမှလည်း အဆင်ပြေမှာ၊ ခုက တာချီလိတ်က တံတား(၁) ပိတ်ထားတော့။ အလုပ်အကိုင်နဲ့ ပတ်သက်ရင် အပိတ်ကြီးဖြစ်နေတယ်။ ခွင့်ပြုချက်တွေနဲ့ ဖွင့်ထားတဲ့ လောင်းကစားလုပ်ငန်းတွေမှာ ဝင်လုပ်တာကလွဲရင် ကျန်တာက အလုပ်အင်မတန်ရှားသွားတယ်"ဟု တာချီလိတ်ဒေသခံ ဦးစိုင်းရီ က ဆိုသည်။

အာဏာသိမ်းလိုက်သည့်နေ့ကတည်းက တရားမဝင်လောင်းကစားလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရလာသည့် တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် နှစ်ဝက်ခန့်ကတည်းက အိမ်ခန်းငှားခများ စတင် တိုးမြှင့်လာခြင်းဖြစ်ကြောင်း သိရသည်။

"အိမ်ရှင်တွေအနေနဲ့ အိမ်ဌားခကို ကုန်ဈေးနှုန်းတက်သလိုတက်တာ တာချီလိတ်မှာပဲ ကြားဖူးတယ်။ အရင်က တာချီလိတ်က စေတနာကောင်းတယ်။ စာနာတတ်တယ်လို့ ကြားခဲ့ဖူးတာ အခုတော့ဗျာ လကုန်လို့မှ အိမ်လခ မပေးနိုင်ရင် ရက်လွန်ကြေးဆိုပြီး ဘတ်(၂၀၀) ဒဏ်ကြေးကောက်တယ်။ သတ်မှတ်ရက်ကျော်လို့မှ မပေးနိုင်ရင် မောင်းထုတ်ခံရတယ်။ ကျွန်တော်က ဒေသခံမဟုတ်တော့ အခန်းရှာတာ မရတာနဲ့ ပွဲစားကနေ တဆင့် ရှာရတယ်။ အခန်းရဖို့ကို အဲ့တုန်းက ပွဲစားကို ဘတ် (၁၂၀၀)တောင်ပေးရတယ်။ တာချီလိတ်မှာကလည်း ထင်သလောက် မလွယ်ဘူးဗျာ"ဟု ၂၀၂၂ ခုနှစ်အတွင်း အခြားမြို့ကနေ  လာရောက်ကာ တာချီလိတ်တွင် အလုပ် လာလုပ်ကိုင် ပြီး ငှားရမ်းနေထိုင်သူ ကိုကျော်ထွန်းက ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ယခင်က ချစ်ကြည်ရေးအမှတ်(၁)တံတားကနေ တစ်ဖက်ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်နှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရှိခဲ့သော်လည်း ကိုဗစ်ကာလအတွင်း အမှတ်(၁)တံတား ပိတ်ထားချိန်မှစ၍ အလုပ်အကိုင်အခွင့်အလမ်း နည်းလာသည့်ကာလအတွင်း  အိမ်ခန်းငှားရမ်းနေထိုင်သူများအတွက် စရိတ်စကမြင့်တက်ခြင်းပြဿနာနှင့် ကြုံတွေ့လာကြရခြင်းဖြစ်သည်။